{ 75 }

4.3K 643 83
                                    

"ဖေဖေ....အဲ့ဒီ ဖိုးဖိုးက သားရဲ့ ဖိုးဖိုးလားဟင်...."

အိပ်ယာဝင်ဖို့ ပြင်ဆင်နေတဲ့ ဗြောက ခပ်လှမ်းလှမ်း၌ ရပ်ပြီး စာအုပ်တွေကိုစီနေသောထယ်ယောင်းအား လှမ်းမေးလာသည့် စကားကြောင့် အံ့အားသင့်သွားရသည်။

"ဗြောလေး....သားက အဲ့ဒီဖိုးဖိုးကို ဘယ်လိုသိတာလဲ..."

"သားတို့ မူကြိုကျောင်းမှာ တွေ့ဖူးတာပါ.....အဲ့တုန်းက သားကို ချစ်လို့ဆိုပြီး ဖိုးဖိုးက မုန့်လာကျွေးခဲ့ဖူးပါတယ်....ဒါပေမယ့် သားမစားခဲ့ပါဘူး ဖေဖေ....ပြီးတော့ စောနတုန်းက ဖေဖေတို့ စကားပြောနေကြတာကို သားကြားလိုက်ပါတယ်.....ဖေဖေ့ စကားကို နားမထောင်တာမဟုတ်ပါဘူး...သား ရေဆာလို့ အပြင်ထွက်လာတုန်း မတော်တဆကြားလိုက်မိတာပါ..."

လက်လေးကာပြလျက် ရှင်းပြနေတဲ့ ဗြောထက် ဗြောလေးပြောလိုက်တဲ့စကားကို ထယ်ယောင်း ပိုပြီး အံ့အားသင့်ရသည်။
ဂျောင်ဂုအဖေက ဗြောကို ဘယ်အချိန်တည်းကများ သိပြီး သားအနားထိရောက်ခဲ့တာလဲ။
ကျွန်တော်မသိနိုင်တဲ့အချိန်တွေမှာလည်း ထိုသို့ မကြာခဏ သွားတွေ့ပြီး ခေါ်သွားခဲ့ရင်ဆိုတဲ့ စိတ်တို့ပါ တစ်ပြိုင်တည်း ဝင်လာပြီး စိုးရိမ်ပူပန်မိတော့သည်။

"ဖေဖေ သားကို စိတ်ဆိုးသွားတာလားဟင်.."

ထယ်ယောင်းက အတွေးတို့ဖြင့် ငြိမ်သက်နေတော့ သားက သူ့ကိုစိတ်ဆိုးသွားတယ်အထင်နဲ့ မေးလာရှာ၏။

"မဟုတ်ပါဘူး ဖေဖေ သားကို စိတ်မဆိုးဘူးနော်.....သား ကြားလိုက်တဲ့ စကားတွေအားလုံးကို နားလည်နိုင်ဖို့ဆို သားက ကလေးလေးပဲ ရှိသေးတာ....ဒါကြောင့် ဖေဖေ အများကြီး ရှင်းပြမပေးနိုင်လို့ ခွင့်လွှတ်နော်....ဒါပေမယ့် သားသိထားသင့်တာက အဲ့ဒီဖိုးဖိုးဟာ သားဒယ်ဒီရဲ့ အဖေလည်း ဖြစ်တယ်....သားရဲ့ ဖိုးဖိုးဆိုလည်း ဟုတ်တယ်....ကောင်းကင်နိုင်ငံမှာ ရောက်နေတဲ့ ဖိုးဖိုးလိုမျိုး သားရဲ့ နောက်ထပ် ဖိုးဖိုးပါပဲ..."

"ဒါဆို အဲ့ဒီဖိုးဖိုးက သားကို ခေါ်သွားမှာလားဟင်.....သား မလိုက်ချင်ပါဘူး ဖေဖေ....သား ဖေဖေနဲ့မခွဲချင်ပါဘူး.."

ဗြောက ဉာဏ်ရည်မြင့်တဲ့ကလေးမို့ ဂျောင်ဂုအဖေပြောတဲ့ စကားတွေရဲ့ အရပ်အမြွက်တွေကို နားလည်နေမှာပဲ။
ဒါကြောင့်လည်း အခုလိုမျိုး ထယ်ယောင်းကို သူသိချင်တာကိုမေးလာတာပဲ ဖြစ်မည်။

The Alpha Zone (Completed)Where stories live. Discover now