အလ်ဗ်၏အမူအရာမှာအေးစက်နေကာ ၎င်းအနောက်မှငွေမှင်ရောင်အမြှီးကို အမြင့်တစ်ခုထိ မြှောက်ထားခဲ့၏။ ဤသည်မှာ ရန်လိုနေသောအပြုအမူပင်။ ထိုအခြေအနေတွင် အလ်ဗ်သည် မည်သူကိုမျှအနားကပ်လာခွင့်မပေးတော့သည်မှာ သံသယဖြစ်နေစရာပင်မလို။ အလ်ဗ်မှ စွမ်းအားများကို အလိုအလျောက်လွှတ်ထုတ်လိုက်ခြင်းမှာ ကုဟွိုက်အားကာကွယ်ရန်အတွက်ပင်။ သို့ရာတွင် မည်သည့်ရန်သူမှကျုးကျော်လာမည်မဟုတ်မှန်း သူသိနေခဲ့သည်။ သူကုဟွိုက်အနားတွင်ရှိနေသမျှ ကုဟွိုက်မထိခိုက်စေရန် ခုခံထားသည့်စည်းကိုမည်သူကမှဖြတ်ကျော်လာနိုင်မည်မဟုတ်။

ကုဟွိုက် သူ၏လက်မောင်းပေါ်သို့လဲကျလာရခြင်းမှာ ကုဟွိုက်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့်ပင်။ သည်တစ်ကြိမ်တွင် အလ်ဗ်သည်မသိစိတ်အရပိုမိုတင်းမာနေကြောင်း ရှင်းလင်းနေ၏။ အယ်လ်ဖာအဆင့်ဇက်များဖြစ်သော ကာ့ပါးလီယာ၊ အိုင်းယီနှင့် စီမိုဒိုတို့က အလ်ဗ်၏စွမ်းအားသက်ရောက်မှုကို များစွာမခံစားရသော်လည်း ဖိနှိပ်ခံထားရသည့် ခံစားချက်မှာဆက်ရှိနေဆဲ။

"ရှင့်ရဲ့စွမ်းအားကိုထိန်းထားစမ်းပါ...အလ်ဗ်.."

ကာ့ပါးလီယာမျက်နှာမှာ အေးစက်နေခဲ့သည်။

"အရှင့်ရဲ့ကိုယ်ကို ချက်ချင်းစစ်ဆေးဖို့လိုအပ်တယ်..."

ကုဟွိုက်အပေါ်စိုးရိမ်စိတ်ကြောင့် ကာ့ပါးလီယာ၏ချွန်ထက်နေသောဓားပုံစံဘယ်ဘက်လက်မှာ တောင့်တင်းနေခဲ့သည်။

တက်ခ်ဇက်တို့သည် စစ်ပွဲထဲတွင် ရုန့်ရင်းကြမ်းတမ်းသောအခြေအနေသို့မကြာခဏကျရောက်တတ်ပြီး အလွယ်တကူရန်စခံရနိုင်သော်လည်း ကာ့ပါးလီယာထံတွင် ထိုသို့သောမျိုးရိုးဗီဇလက္ခဏာများက သက်ရောက်မှုမရှိပုံရသည်။ သူမ၏ဒေါသများကို စိတ်တည်ငြိမ်မှုအောက်တွင်ဖိနှိပ်ထားနိုင်ရသည့်အကြောင်းမှာ သာမန်ထက်ပိုသောအားကောင်းပြင်းထန်သည့်ခံစားချက်များကြောင့် သူမ၏ခန္ဓာကိုယ်တောင့်တင်းလာသည့်ဖြစ်ရပ်မျိုးက ဘယ်သောအခါမှမဖြစ်ပျက်နိုင်၍ပင်။

အနီးတဝိုက်တွင်စောင့်ကြပ်နေခဲ့သောဇက်များသည်ကား တစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့ကြ၏။ အလ်ဗ်၏ရန်လိုနေသောစွမ်းရည်အောက်တွင် မသက်မသာဖြစ်မှုကိုအတော်အတန်ခံစားရသော်ငြား ၎င်းတို့က ကုဟွိုက်၏အခြေအနေကိုသာပို၍စိတ်ပူမိကြသည်။ အလ်ဗ်ကမတုံ့ပြန်လင့်ကစား စွမ်းအားများကိုလျှော့ချလိုက်ကာ ကာ့ပါးလီယာ၏စကားများအပေါ် အထွန့်မတက်သည့်အကြောင်းပြသလိုက်သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now