အမေဖြစ်သူစကားကို ဂျောင်ဂုက ဘာမှမတုန့်ပြန်ဘဲ ထယ်ယောင်းကိုသာ ကြည့်လာလေသည်။

ဘာလို့ အခြေအနေက အေးတိအေးစက်ကြီး ဖြစ်နေသလဲ ထယ်ယောင်းမသိ။ အိမ်မှာဆို မိမိအမေနဲ့က ဖက်လဲတကင်း နေနေတာကို ဂျောင်ဂုတို့လို လူချမ်းသာတွေကတော့ မတူဘူးပဲ။

"ညနေ စောစောပြန်လာနော် သားလေး၊ အိမ်မှာ လုပ်စရာရှိတာ သိတယ်မလား"

"အင်း"

"ဟန်ဘင်းနဲ့ ဂန်ဟိုကိုလည်း ခေါ်ခဲ့ဦး"

ဂျောင်ဂု ဘာမှပြန်မပြောတော့။ ထယ်ယောင်းဆီကိုပဲ ဦးတည်နေကာ ထယ်ယောင်းစက်ဘီးနောက်ခုံပေါ် အေးအေးလူလူပင် ခွတက်လိုက်လေသည်။

ခေါင်းအုံးအစုတ်လေးသာ ပတ်စည်းထားသော စက်ဘီးနောက်ခုံလေးပေါ် ထိုင်နေတဲ့ ဂျောင်ဂုအား အမေဖြစ်သူက သေချာကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။ မကြိုက်တဲ့သဘောဆိုတာထက် အံ့အားသင့်နေသည့် အကြည့်ပင်။

ဂျောင်ဂုတော့ ဘယ်လိုနေလဲ မသိပေမယ့် ထယ်ယောင်းမှာတော့ စက်ဘီးနင်းဖို့ပင် အားတွေ မရှိတော့သလို ခံစားရသည်။ စက်ဘီးအစုတ်လေးနဲ့ ဒီလိုအိမ်ရှေ့ရပ်နေရတာ ရှက်စရာကောင်းတယ်မလား။

သို့ပေမဲ့ အခုလို တိတ်ဆိတ်နေမှုကြီးက ပို၍ပင် နေရခက်နေသည်မို့ ထယ်ယောင်းလည်း ခပ်မြန်မြန်ပင် စက်ဘီးလေးနင်းကာ ထိုနေရာမှ ထွက်လာခဲ့တော့၏။

လမ်းထဲမှ ကျော်၍ အိမ်နဲ့ ခပ်လှမ်းလှမ်းဝေးသည်နှင့် ဂျောင်ဂုလက်တွေက ရှေ့တွင်စက်ဘီးနင်းနေသော ထယ်ယောင်း ခါးတစ်ဝိုက်ကို ရစ်ပတ်ဖက်တွယ်လာလေသည်။

ဂျောင်ဂုအပြုအမူကြောင့် ထယ်ယောင်းတစ်ကိုယ်လုံး ကြက်သီးမွေးညင်းလေးများ ထသွားပြီး စက်ဘီးလက်ကိုင်ကို ကိုင်ထားသော လက်တွေမှာ ပျော့ခွေသွားသလို။

"ဂျောင်ဂု.. ဘာလို့လဲဟင်"

"ပြုတ်ကျမှာ ကြောက်လို့"

စက်ဘီးအရှိန်က ‌မြန်တောင်မမြန်၊ လက်လွှတ်စီးရင်တောင် ပြုတ်ကျမယ့်အရေးမမြင်သည်ကို ဂျွန်ဂျောင်ဂုက သိပ်ကို ပိုလွန်းနေတာမလား။

Spring Romance Where stories live. Discover now