ကြီးကြပ်ရေးမှူးက ထိုအတိုင်းပြောပြီး အခန်းထဲမှအခြားဇက်တို့သည်အလ်ဗ်အနောက်မှ ဝပ်နေသည့်အမည်းလုံးလေးအား မျှော်လင့်တကြီး လှမ်းကြည့်ကြသည်။

"ကျိုး..."

ဟင့်အင်း၊ ဒီတစ်ခါတော့မရဘူး၊ ဇက်တို့က ဤကိစ္စကိုဘယ်လိုပင်တွေးနေပါစေ၊ သူလက်မခံနိုင်ပါချေ။ ကုဟွိုက်မှာ လူသားတစ်ယောက်အနေဖြင့်ကန့်သတ်ချက်ရှိသင့်သည်ဟုယူဆထားပြီး ပုလင်းထဲမှနွားနို့ကိုမသောက်နိုင်ပါချေ။

ဇက်တို့၏ မျက်လုံးအရောင်မှာ တဖိတ်ဖိတ်လက်နေသည်။ ကုဟွိုက်ငြင်းလိုက်သည်နှင့် အဆိုပါမျက်လုံးများမှာ ကူကယ်ရာမဲ့သည့်အသွင်ပြောင်းလဲသွားကြသည်။ ထိုအကြည့်က တည့်တိုးဆန်ပြီး ကုဟွိုက်ကိုစိတ်ပြောင်းသွားရန် မျှော်လင့်နေကြ၏။

"အရှင်..."

ဇက်တစ်ယောက်ဆိုလျှင် စကားပင်ပြောလာသေးသည်။

အလ်ဗ်အနောက်မှအမွှေးလုံးလေးက ကိုယ်ကိုဖြည်းဖြည်းချင်းလှုပ်ရှားလိုက်သည်။ ကုဟွိုက်မှာ အတော်လေးတုန်လှုပ်နေမိသည်။ ငြင်းဆိုနေချိန်မှာပင် သူ၏ကိုယ်က သေနိုင်လောက်သည်အထိယမ်းခါနေ၏။ ကုဟွိုက်၏စိတ်သည်ကား မသိလိုက်မသိဘာသာဖြင့် ပျော့ပျောင်းနေပေသည်။

ဇက်တို့က အကြည့်တို့ဖြင့်ဆက်လက်တိုက်ခိုက်နေကာ နောက်ဆုံး၌ကုဟွိုက်တစ်ယောက် အရှုံးပေးလိုက်ရတော့၏။

"ကျိုး..."

ဤ...ကန့်သတ်ချက်မှာ တဆင့်လျှော့လိုက်ရပြီ။ မည်သို့ပင်ဖြစ်စေ သူသည်လည်းလူသားတစ်ယောက်မဟုတ်တော့။ ထိုသို့တွေးကြည့်လိုက်သည့်အခါ ကုဟွိုက်၏စိတ်မှာသက်သာသွားခဲ့သည်။ ကြီးကြပ်ရေးမှူး၏စကားကအဓိပ္ပါယ်ရှိသည်။ ပုလင်းသာမရှိပါက သူ့အခြေအနေအရနို့ကို လျှာဖြင့်လျက်သောက်နေရတော့မည်။ ၎င်းက အတော်လေးကိုရှက်စရာကောင်းသည်ပင်။ ကုဟွိုက် သူ့ကိုယ်သူအလ်ဗ်၏အနောက်မှထွက်လာပြီး ကိုယ်ထင်ပြရတော့သည်။

"ကျိုး..."

ရွှေရောင်မျက်လုံးများဖြင့် အနက်ရောင်သားပေါက်လေးက အရှေ့မှဇက်တို့ကိုကြည့်ကာ အသံတိုးတိုးလေးထွက်လာသည်၊ အသံလေးကသေးငယ်သော်လည်း သူတို့အတွက် ရှင်းရှင်းလင်းလင်းကြားနိုင်သည်။ကြားလိုက်ရသည့်ဇက်များက ချက်ချင်းပျော်ရွှင်သွားကြပြီး ၎င်းတို့ကကုဟွိုက် သဘောတူလိမ့်မည်ဟုလည်းသိထားကြပြီးသားပင်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now