“အင်း”

တင်းကျိက နောက်မှလှေကားထစ်ကို မှီလိုက်ပြီး စကားမဆိုလာခဲ့။

လင်ဝူယွီမှာ ခေါင်းကိုက်နေသေးဆဲပင်။ ယခုလောလောဆယ်၌ ကျောင်းသို့ပြန်ရန်သော်လည်းကောင်း၊ အစားအသောက်တစ်ခုခု သွားရှာရန်သော်လည်းကောင်း ခွန်အားရှိမနေလိုက်တော့။

တင်းကျိက ရွှီထျန်းပေါ်နှင့် အနည်းငယ်တူသယောင်ရှိ၍လည်း ဖြစ်လောက်မည်။ သူက ချက်ချင်းကြီး ထမထွက်သွားလိုသေး။

သို့နှင့် သူသည် တင်းကျိဘေးထိုင်ကာ ခပ်လှမ်းလှမ်းမှ ဘက်စကတ်ဘောတိုင်ကို သူနှင့်အတူ လှမ်းကြည့်နေလိုက်သည်။

စောနေသေးလေရာ ဘောလုံးပစ်သွင်းနေသော ကောင်လေးနှစ်ယောက်သာ ရှိ၏။
တဒင်္ဂဆိတ်ငြိမ်မှုအပြီးဝယ် လင်ဝူယွီဘက်မှ စကားစလိုက်သည်။

“မင်း ဒီကို မကြာခဏလာ‌လေ့ရှိတာလား”

“ခဏခဏလာဖြစ်တယ်”

တင်းကျိက ပြန်ဖြေ၏။

“ငါ့အဘွားအိမ်က ဒီနားမှာလေ”

“အင်း”

လင်ဝူယွီက တုံ့ပြန်လိုက်သည်။

“မင်းက ဖုကျုံးကလား”

တင်းကျိက မေး၏။

လင်ဝူယွီသည် အလျင်စလို ခေါင်းငုံ့၍ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သည်။ အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ် အားလုံးက သူ့ပုံမှန်အဝတ်အစားများပင်။ ဖုကျုံး၏အမှတ်သင်္ကေတများ တစ်ခုမှ မပါ။

“အရင်တစ်ခါ မင်းနဲ့တွေ့ကတည်းက ငါသိတာ”

တင်းကျိက ပြုံးလျက် ပျင်းကြောဆန့်လိုက်သည်။

“အရင်တစ်ခါ?”

လင်ဝူယွီသည် ခဏမျှ ပြန်လည်တွေးတောစဉ်းစားကြည့်လိုက်သော်လည်း သူ့ကျောင်းကို ခန့်မှန်း၍ရနိုင်သော မည်သည့်အသေးစိတ်ကိုမှ တွေးကြည့်၍ မရနိုင်။

“ငါ့ကို လက်ပြ”

တင်းကျိက ပြောလိုက်သည်။

လင်ဝူယွီသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဘယ်လက်ကို သူ့ရှေ့ ဖြန့်ပြလိုက်၏။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now