ကျွန်တော်က ချက်ချင်းကို ဒုတိယနေရာဆီ ရောက်သွားပုံ ရပါသည်။ ကိုရိန်းက ဘာပဲလုပ်လုပ် ကျွန်တော့်ကို ပထမဆုံး ပြောတတ်ပါသည်။

အခုတော့ ဗီဗီယာနာဟာ ပထမဆုံး ဖြစ်သွား၏။ စိတ်မကောင်း ဖြစ်မိခြင်းမဟုတ်ဘဲ ကိုရိန်းအတွက် ဝမ်းသာပီတိလေး ပေါ်လာသည်။

ဒီလိုဆို ကိုရိန်းရဲ့ အေးစက်စက် နှလုံးသားတံခါး အရည်ပျော်ကျသွားပြီ ဖြစ်၏။

"မင်း ပရိသတ်တွေတော့ အားလျော့ကုန်တော့မှာပဲ။ အဆင်မပြေတာ ရှိနေလို့လား"

"ဒီလိုကစားနည်းတွေက ငါ့အကြိုက်လည်း မဟုတ်ခဲ့ဘူးကိုး... ပြီးတော့ အရင်က တခြားအကြောင်းကြောင့်ပါ"

ကိုရိန်း အသံဟာ တိမ်ဝင်သွားတော့ အစ်ကိုက လှမ်းကြည့်လာသည်။

"တခြား အကြောင်း... ငါ မသိသေးတဲ့ မင်းအကြောင်း ရှိသေးတာလား"

ကိုရိန်းဆီမှ သက်ပြင်းသဲ့သဲ့ချသံ‌ကြောင့် အစ်ကိုက ခေါင်းယမ်း၍ အရိပ်အကဲ ပြပါသည်။

"မင်း ဘာပဲ လုပ်လုပ် အားပေးနေမှာမို့ မင်း လုပ်ချင်တာကိုပဲ ကြိုးစားနော်။ ပြီးတော့ မင်းကို လာတွေ့ပါဦးမယ်။ အစ်ကိုကလည်း တွေ့ချင်နေတာ "

"ဗီဗီ့ကို ကိုရီးယားလိုက်ပို့ရင်း လာခဲ့မယ်"

ကိုရိန်းဆီက ရယ်သံနှောသည့် စကားလေး ထွက်လာတော့ ကျွန်တော် ပြုံးလိုက်မိသည်။

ကိုရိန်း ဖုန်းကျသွားတော့မှ အစ်ကိုက အနားကို ရောက်လို့လာသည်။

"ဗီဗီယာနာဆိုတာ မင်းပြောနေကျ ကောင်မလေးလား။ ကိုရိန်းနဲ့ သဘောတူတယ် ဆိုပြီးလေ"

"ဗီဗီက ကိုရိန်းကိုကြည့်ရင် မျက်ဝန်းတောက်တောက်လေးတွေနဲ့မို့ အဲအချိန်ကတည်းက သတိထားမိသွားတာ... အခုတော့ သူတို့ တွဲကြတော့မှာထင်တယ်"

အစ်ကိုက ပြုံးလို့ ညအိပ်မီးကို ပိတ်လိုက်သည်။

"သူများအကြောင်း ပြောတာရပ်ပြီး ကိုယ်တို့အကြောင်း ပြောရအောင်"

"ဘာလို့ မီးကို ပိတ်လိုက်တာလဲ။ စကားပြောမှာဆို"

"မင်းပဲ အသင့်ဖြစ်ပြီလို့ ပြောထားတယ် မဟုတ်လား ကလေးလေးရဲ့"

Kissing In The Moonlight [Completed]Where stories live. Discover now