သူသည် ထုံးစံအတိုင်းပင် သူ့ဖုန်းမှ မက်ဆေ့ခ်ျကို စာမပြန်ခဲ့ပေ။ တမင်တကာပင် မက်ဆေ့ခ်ျတိုင်းကို စာမပြန်‌ခြင်းသာဖြစ်သည်။

သူက အကင်တို့နှင့် အဆောင်သို့ ပြန်လာတော့ ကျောပိုးအိတ်ကို ဆွဲလျက် အရှိန်ကို မြှင့်လိုက်သည်။ ထုံးစံအတိုင်းပင် အစောင့်ဦးလေးကြီးစောင့်နေသော တံခါးကို ဝှစ်ခနဲ ကျော်လာခဲ့၏။

နောက်ဆုံးတွင်တော့ ထုံးစံအတိုင်းပင် ဘေးခန်းတံခါးက တွန်းဖွင့်ခံလိုက်ရ၏။

အခန်းထဲ၌ လူ ၄ ယောက်လုံး အစုံပြန်ရောက်နေခဲ့ပြီး အားလုံးက တစ်ပြိုင်တည်း သူ့ကို လှည့်ကြည့်လာကြသည်။ မျက်ဝန်းတို့က အရောင်တို့ တဖိတ်ဖိတ်တလက်လက်နှင့်။

လင်ဝူယွီက နှုတ်ဆက်သည့်အနေနှင့် သူ့မျက်မှန်ကို တစ်ချက်ပင့်လိုက်သည်။ ထို့နောက် အထုပ်ကို တံခါးဘေးမှ စားပွဲပေါ် တင်လိုက်၏။

"အခုမှ ကင်လာတာ"

သူက အခန်းထဲမှ လှည့်ထွက်လာခဲ့တော့ ရွှီထျန်းပေါ်က သူ့နောက်မှ လိုက်ထွက်လာသည်။

"ဟေး"

လင်ဝူယွီက လှည့်ကြည့်လိုက်သည်။

"တစ်ယောက်ယောက်များ..."

ရွှီထျန်းပေါ်က အခန်းတံခါးကို ပိတ်လိုက်ပြီး အသံတိုးတိုးနှင့် မေးလာ၏။

"မင်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြော‌လာသေးလား။ မကောင်းတဲ့စကားတွေ ဘာတွေရော ပြောသေးလား"

"ငါ ဝင်မဖတ်ကြည့်ရသေးတာတွေ ရှိသေးတယ်"

လင်ဝူယွီက ခဏမျှ တွေးလိုက်သည်။ ယနေ့ သူ့ဖုန်းက ကြိမ်ရေအချို့ခန့် မြည်နေခဲ့သည်။ သို့သော်လည်း သူက ဝင်ဖတ်ကြည့်ရန် စိတ်ပါမနေ။

"ဘာဖြစ်လို့လဲ။ အကုန် မင်းဆီပို့နေကြတာလား။ ငါ မင်းရဲ့ခွဲခြားခံရမှုအကြောင်းကို ကျောင်းကို တိုင်ပစ်လိုက်မယ်"

"အဓိပ္ပါယ်မရှိတာတွေ"

ရွှီထျန်းပေါ်က သဲ့သဲ့ပြုံးလိုက်သော််လည်း ချက်ချင်းဆိုသကဲ့သို့ပင် အပြုံးကို ရပ်ကာ မျက်မှောင်ကြုတ်လိုက်လေ၏။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now