ချန်ပေါ်ချောင်အား တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ပြီး ချက်ချင်း စီရင်ခံခဲ့ရသည်။ခုရုံးစစ်ဆေးပြီးနောက် ထောင်စောင့်များက ချန်ပေါ်ချောင်အား တရားရုံးမှခေါ်သွားခဲ့​၏။

တရားရုံးမှ စောင့်ကြပ်ယာဉ်သို့ လျှောက်သွားရာတွင် မဟာမိတ်သတင်းထောက်များနှင့်ပြည့်နေသော စင်္ကြံကို ဖြတ်သွားဖို့လိုအပ်လေသည်။

ဟဲလ်မက်များဆောင်းထားသော အဓိကရုဏ်းဖြိုခွင်းရေး ရဲတပ်ဖွဲ့တန်းနှစ်တန်းက လမ်းကျဉ်းလေးကို ပိတ်ဆို့ထားရ​၏။ဝင်ခွင်ပါမစ်ရထားသော သတင်းထောက်များက ရဲတွေအား အလောတကြီး တွန်းထိုးနေကြသည်။ အားသန်သည့်သတင်းထောက်များကမူ ရဲများ​၏ ပုခုံးမှကျော်၍ မိုက်ကရိုဖုန်းတွေကိုမြှောက်ကာ ချန်ပေါ်ချောင်ဆီရောက်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ မေးခွန်းကျယ်ကျယ်ထုတ်နေကြ​၏။ ချန်ပေါ်ချောင်ထံမှ စကားအနည်းငယ်ထွက်လာစေဖို့ စိတ်စောနေကြခြင်းပင်။

" လူကြီးမင်းချန် ခင်ဗျား အယူခံဆက်ဝင်မှာလား ? "

" လူကြီးမင်းချန် တရားခွင်မစခင်ကတည်းက ပြည်ပမီဒီယာတွေက ဒီအမှုကို စီရင်ဆုံးဖြတ်တာကို ဆက်တိုက် ထုတ်ဖော်နေခဲ့ကြပါတယ်။ သက်သေအပိုင်းအစ တော်တော်များများက အတုလို့ သက်သေပြထားပြီးပါပြီ။ ဒီကိစ္စရဲ့အသေးစိတ်အချက်အလက်တွေကို သိပါသလား ? "

" လူကြီးမင်းချန် ခင်ဗျားကို ထောက်ခံတဲ့သူတွေက တရားရုံးအပြင်ဘက်မှာ ဆန္ဒပြနေကြတယ်၊ မဟာမိတ်တစ်ခွင်မှာလည်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ရှိနေပါတယ်။ အယူခံဝင်ဖို့ လက်မလျှော့ဖို့ တောင်းဆိုပါတယ်.... "

" ဗိုလ်.....လူကြီးမင်းချန်—— တချို့ ကျွမ်းကျင်ပုဂ္ဂိုလ်တွေက ကိစ္စတစ်ခုလုံးကို ခင်ဗျား မိထွေးက လျှို့ဝှက်ကြံစည်ထားတယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ကျွန်တော် မေးလို့ရ——"

"—— လူကြီးမင်းချန် ! ကျေးဇူးပြုပြီး ကျွန်တော်မေးခွန်းကို ဖြေပေး——"

လူသားနံရံဖြင့် ခြားထားသော လမ်းကျဉ်းလေးက ကျဉ်းသည်ထက်ကျဉ်းလာကာ သတင်းထောက်များသည် ချန်ပေါ်ချောင်​၏ ခြေလှမ်းအတိုင်းထပ်ကြပ်မကွာလိုက်ပါလာကြသည်။ဆန့်ကျင်ဘက်အနေဖြင့် ချန်ပေါ်ချောင်ကတော့ နေရာမှာစိတ်ဓာတ်ပိုင်း အတည်ငြိမ်ဆုံးပုဂ္ဂိုလ်ဖြစ်နေခဲ့​၏။ သူဟာ သူ့မျက်နှာနှင့် ကပ်တော့မတတ်ဖြစ်နေသော ကင်မရာကိုပင်ပြုံးပြလိုက်သေးသည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』حيث تعيش القصص. اكتشف الآن