"နောက်တစ်ပွဲဟေ့!"

ဟယ်ယန် ဟိုဟိုသည်သည် လျှောက်ကြည့်နေသည်။ ကြားဖူးခဲ့သည့် ဆောင်ကြာမြိုင်နှင့် လောင်းကစားအိမ်တော်၏ ကောလာဟလသတင်းများသည် အမှန်များ ဖြစ်နေခဲ့သည်။ ယနေ့ ဝမ်ကျူးကွေကို ပညာပေးပြီးနောက် မြို့တော်အတွင်းရှိ အကြီးဆုံး‌လောင်းကစားအိမ်အကြောင်းကို မေးမြန်းခဲ့သည်။ ထိုမေးခွန်း၏အဖြေကို ဝမ်ကျူးကွေကဲ့သို့ လမ်းသရဲတစ်ကောင်သည် တပ်အပ်သိခဲ့ရမည်။ ထင်မှတ်ထားသကဲ့သို့ ဝမ်ကျူးကွေမှ လီတုန်လောင်းကစား အိမ်တော်အကြောင်း ပြောပြခဲ့သည်။

ဟယ်ယန် လောင်းကစားအိမ်တော်သို့ တစ်ခါမျှ မရောက်ဖူးခြင်း မရှိခဲ့ပါ။ ဖူယွဲ့စစ်တပ်အတွင်း ဝင်ရောက်ခဲ့ပြီး သူ၏ အထူးအသွင်အပြင်ကြောင့် လူထူထပ်သည့် နေရာများကို မသွားရောက်နိုင်ခဲ့ဘဲ လောင်းကစား အိမ်သည်လည်း ၎င်းနေရာများအနက် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ ဖူးယွဲ့စစ်တပ်နှင့် တိုက်ပွဲကို အတူတကွ အနိုင်ရရှိခဲ့ပြီး မြို့တော်သို့ ပြန်လာခဲ့စဉ် ဟယ်ယွမ်ရှန်းလည်း ပြန်ရောက်နှင့်ပြီး ဖြစ်သဖြင့် ဟယ်အိမ်တော်၏ ဒုတိယသခင်မလေးအဖြစ် အလိုအလျောက် ပြန်ရောက်သွားခဲ့ရပြီး ဤကဲ့သို့ နေရာမျိုးသို့ လည်ပတ်ရန် အခွင့်အရေးပင် မရရှိခဲ့ပေ။ ထို့ကြောင့် ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ဟယ်ယန်တစ်ယောက် မည်သို့ လောင်းကစားပြုရမည်ကို မသိဘဲ လောင်းကစားအိမ်သို့ ရောက်ရှိလာခဲ့ခြင်းပင်။

လီတုန်လောင်းကစားအိမ်တော်၌ လောင်းကစားနည်းမျိုးစုံ ရှိ၏။ ပိုင်ချောင်၊ တန်ချီ၊ တရုတ်စစ်တုရင်၊ နှံကောင်တိုက်ပွဲ၊ ကြက်တိုက်ပွဲ စသည်ဖြင့် အမျိုးမျိုး ရှိနေပြီး မြင်မြင်သမျှ အရာ‌တို့ကြောင့် ဟယ်ယန် မူးဝေလုနီးနီး‌ ဖြစ်နေသည်။ အံ့ဩမိပြီး မည်သို့ လောင်းကစားပြုရမည်ကို မသိဖြစ်နေသဖြင့် မိမိသနားစဖွယ် ကောင်းလှသည်ဟူ၍လည်း ခံစားမိနေသည်။ ထိုစဉ် လူတစ်ချို့ ကြွေအံ့ ကစားနေကြသည်။ ကြွေခွက်ကလေးအတွင်း အံ့စာတုံးကို ထည့်ခလောက်ပြီး ရနိုင်မည့်ဂဏန်း ခန့်မှန်းရမည့် ကစားနည်း ဖြစ်သည်။ ဤကစားနည်းသည် အရိုးရှင်းဆုံးကစားနည်း ဖြစ်ပြီး ‌လူပေါင်းများစွာကို ဆွဲဆောင်နိုင်သည့် ကစားနည်းလည်း ဖြစ်သည်။ ဟယ်ယန့်မျက်လုံးတို့ တဝေါဝေါ စီးဆင်းနေသည့် ငွေစများထံ ရောက်ရှိသွားပြီး နှုတ်ခမ်းထောင့်လေး ကွေးတွန့်သွားသည်။ နောက်ဆုံး၌ အပြုံးတစ်ခု ဟယ်ယန့်မျက်နှာ၌ ပေါ်ထွက်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWaar verhalen tot leven komen. Ontdek het nu