မြကြိုင် စာသင်နေရင်း အာရုံစိုက်လို့မရတော့ဘူး။ ကျောင်းဆရာလေး အနားမှာနေရင် ရင်တွေ တုန်လာတယ်။ ကျောင်းဆရာလေးက မြကြိုင်အနားရောက်လာရင် မြကြိုင်က လန့်ပြီး လက်တွေပါ တုန်လာတယ်။
"မြကြိုင်"
"ဟင် ဆရာ"
"နေမကောင်းဘူးလား"
မြကြိုင် ခေါင်းလေးကို ခါရင်း ငုံ့ပစ်လိုက်တယ်။
"နေကောင်းပါတယ်"
"ဒါဖြင့် ဘာများဖြစ်လို့လဲ"
ကျောင်းဆရာလေးက မြကြိုင်နဖူးကို လက်နဲ့ လှမ်းတဲ့အခါ မြကြိုင်က အလန့်တကြားရှောင်လိုက်တယ်။
"ဆရာ"
"အင်း"
"ဟိုလေ ပြန် .. ပြန်တော့မယ်နော်"
အထေ့ထေ့ အငေါ့ငေါ့နဲ့ မြကြိုင်ဟာ အပြေးကလေး ထွက်သွားတယ်။ မြကြိုင်ဘာဖြစ်နေမှန်း မြကြိုင် ကိုယ်တိုင်လည်း မသိပါဘူး။
မြကြိုင်က အိမ်ကို အပြေးကလေးပြန်တယ်။ အိမ်ရောက်တဲ့အခါ မြကြိုင်က ရေတစ်ခွက်ကို မြန်မြန်သောက်ချလိုက်တယ်။ တစ်ခွက်သောက်လို့ အမော မပြေသေးတဲ့အခါ မြကြိုင်က နောက်တစ်ခွက်ကို ဆင့်ပြီး သောက်တယ်။ နောက်ပြီးတဲ့ အခါတော့ မြကြိုင်ဟာ မောမောနဲ့ တိုင်လေးကို မှီရင်း ထိုင်နေလိုက်တော့တယ်။
အဲဒီနေ့ နောက်ပိုင်းမှာ မြကြိုင်ဟာ ကျောင်းဆရာလေး အိမ်ကို မသွားတော့ဘူး။ မသွားရဲတော့ဘဲ အိမ်မှာပဲ နေတော့တယ်။ ရေထမ်းသွားတဲ့ အခါလည်း မြကြိုင်က ကျောင်းဆရာလေးအိမ်ကို ဖြည့်တဲ့အခါ မြန်မြန်ဖြည့်ပြီး မြန်မြန်ပြန်ရတယ်။ ဒါတောင်မှ ကျောင်းဆရာလေးကို တွေ့ရင် မြကြိုင်ရင်က အလိုလို တုန်လာရသေးတာ။
"မြကြိုင်"
ကျောင်းဆရာလေးက မြကြိုင်ကို ခေါ်တဲ့အခါ မြကြိုင်က ချက်ချင်းပဲ ရေတံပိုးကို ပခုံးပေါ်တင်လိုက်တယ်။
"ဆရာလေးရေ၊ အခြားအိမ်တွေ ရေဖြည့်စရာ ရှိလို့သွားပြီနော်"
မြကြိုင်ဟာ အမြဲ အဲဒီလို ထွက်ပြေးနေတော့တယ်။ ညနေဘက်တွေ ဆိုရင်လည်း စာသင်ဖို့ မသွားတော့ဘဲ အိမ်မှာပဲ နေနေတယ်။