အပိုင်း(၁၂)

1.2K 39 3
                                    

"ချယ် ဒီနေ့ ရုံးမသွားလို့ မရဘူးလား"

"သုတ၊ ဘယ်လိုဖြစ်နေလဲ။ အိပ်မှာဖြင့်အိပ်စမ်းပါ။ သူများ ပြင်ဆင်နေတာကို လိုက်မနှောက်ယှက်နဲ့"

"ချယ်က မမိုက်ဘူးကွာ၊ အခုမှ ချစ်စခင်စကို တစ်ရက်ကလေး မောင်နဲ့ အတူတူနေပါလို့ပြောတာကို အ အား နာတယ်"

ချယ် ရုံးသွားဖို့ပြင်နေတာကို အနောက်ကနေ တဂျီဂျီနဲ့ မဟုတ်မဟတ်တွေ ပြောနေလို့ နားရွက်ကို လိမ်ပေးလိုက်ပြီး

"ဘယ်နားက ချစ်စခင်စသွားရတာလဲ။ ဒီလကုန်ရင်ပဲ အိမ်ထောင်သက် တစ်နှစ်ပြည့်တော့မယ့်ဟာကို"

"ဟုတ်တယ်လေ၊ မဟုတ်ဖူးလေကွာ။ အိမ်ထောင်သက်က အိမ်ထောင်သက်။ ဒါပေမယ့် မောင်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ပြောတာက မနေ့ကမှလေကွာ။ အဲ့တော့ ဒီနေ့က မောင်တို့လင်မယား တရားဝင်စချစ်တဲ့ ပထမဆုံးရက်"

"အခုမှ တရားဝင်ဆိုတော့၊ ဒီ့မတိုင်ခင်က မှောင်ခိုလား ဟုတ်လား"

"ချယ့်!"

ကိုယ့်မှာတော့ ညက သူပြန်အိပ်ပျော်သွားချိန်တောင် မအိပ်နိုင်ပဲ ရင်တွေခုန်ပြီး မနက်ရောက်ဖို့ စောင့်နေခဲ့တာ။ ကြည်ကြည်နူးနူးနဲ့ ဒိတ်ဖို့လည်း အစီစဉ်တွေဆွဲလို့၊ သူကတော့ နိုးလာတာနဲ့ အေးအေးဆေးဆေး ရုံးသွားဖို့ပြင်နေလေရဲ့။

"ကဲပါ။ ကလေးလိုမျိုး မဆိုးစမ်းနဲ့၊ ရုံးကပြန်လာရင် ဒီမျက်နှာနဲ့ ဒီမျက်နှာ မတွေ့ချင်မှ အဆုံး။ အလကားနေခွင့်ယူတော့၊ တကယ့် အရေးကိစ္စရှိရင် ခွင့်ယူရခက်မှာပေါ့မောင်ရယ်"

ချယ်ပြောတာ တရားနည်းလမ်းကြမှန်း ဦးနှောက်ကသိပေမယ့် နှလုံးသားက ငြင်းဆန်နေတာမို့

"ဒါဆို ညနေ ရုံးဆင်းရင် မောင်လာကြိုမယ်"

"မကြိုရပါဘူး"

"ဘာလို့လဲ...?"

"ဟာ မောင့်ရုံးဆင်းချိန်အထိ ချယ်ကစောင့်နေရမယ်ဆိုရင် ချယ် ရုံးမှာသရဲနဲ့ နပမ်းလုံးနေရမှာပေါ့လို့။ မောင်လည်း စောပြန်လာဖို့ မစဉ်းစားနဲ့။ ရုံးကစောပြန်လို့ လစာဖြတ်ခံရရင် အသိပဲနော်"

နက်ဖြန်တိုင်းမှာ နင်နဲ့ငါWhere stories live. Discover now