1: The Notebook

270 39 5
                                    

#DeadlyNightshade #MonShweYee

1

တိတ်ဆိတ်ငြိမ်သက်နေသည့် ပတ်ဝန်းကျင်တွင် ခပ်လှမ်းလှမ်းဘုန်းကြီးကျောင်းထံမှ ပဌာန်းတရားတော် က ကြည်ညိုဖွယ်ပျံ့လွင့်လာသည်။ ငွေသော်တာတို့ အိမ်သည် တခြားအဆောက်အဦးများနှင့် လှမ်းပြီး သီးခြားရပ်တည်နေသောကြောင့် ဤနေရာကနေပင်ကြားရလျှင် ထိုဘုန်းကြီးကျောင်းနားရှိအိမ်များက တော့ အတော်ကျယ်ကျယ်ကြားရပါလိမ့်မည်။ ကြည်ညိုဖွယ်ပင်ဖြစ်လင့်ကစား ထိုနားမှ လူများ မည်သို့ ခံယူကြမည်နည်း။ ထိုသို့ကိစ္စရပ်များအား တွေးကြည့်ရသည်ကို ငွေသော်တာ သဘောကျပါသည်။ မည်သည့်အခါမျှ ထုတ်ဖော်ဖွင့်ဟဖြစ်လိမ့်မည်မဟုတ်သောအခါ အတွေးများက လွတ်လွတ်လပ်လပ်ရှိလှ သည်။ ပြတင်းပေါက်အနားဘောင်ကို မေးတင်ရင်း ခပ်ဝေးဝေးဆီသို့ လှမ်းမျှော်ကြည့်တော့ အရိပ်များက ကြီးစိုးနေသည်။ တကယ်တမ်းတွင် ညအချိန်ဖြစ်သည်မို့ အမှောင်ထုဟု ပြောရမည်ဖြစ်သော်လည်း အရိပ် ဆိုသည့် စကားလုံးက ပိုကဗျာမဆန်ဘူးလား။

အသစ်ထပ်ရေးမည့် ဇာတ်လမ်းထဲတွင် ထိုအကြောင်းထည့်ရမည်ဟု တွေးလိုက်မိသည်နှင့် ဘောပင်ယူ ကာ နုတ်စာအုပ်လေးမှာ တေးမှတ်ထားလိုက်၏။ နုတ်စာအုပ်လေးက ငွေသော်တာ့အနား အဖော်ပြု လာသည်မှာ နှစ်နှင့်ချီခဲ့ပြီ။ ကျောင်းပြီးကတည်းက ဆိုပါတော့..။ Muji အမှတ်တံဆိပ် ငွေမင်ရောင် နုတ် စာအုပ်လေးက ဘွဲ့ရသည့်ညတွင် တစ်ယောက်ကိုတစ်ယောက် လက်ဆောင်လဲလှယ်ခြင်းအစီအစဉ်မှ ရရှိ ခဲ့ခြင်းဖြစ်သည်။ ကျောင်းအကြောင်း မည်မျှသတိမရနိုင်သည်ဆိုဆို၊ ထိုနုတ်စာအုပ်လေးကိုတော့ အနားမှ မခွာနိုင်အောင်ထားဖြစ်ခဲ့၏။

ပထမတွင်တော့ ထိုစာအုပ်လေးတွင် မည်သည့်အကြောင်းများချရေးရမည်မသိခဲ့။ ရေးလက်စ ဝတ္ထုထဲမှ ဇာတ်ကောင်များ၏ ပြောစကားများကို ရေးရမည်လား၊ ဖတ်လက်စ စာအုပ်များထဲမှ မှတ်သားဖွယ်ရာများ ရေးရမည်လား၊ သို့မဟုတ် အလုပ်စဝင်တော့မည်ဖြစ်၍ အလုပ်နှင့်ပတ်သက်သော အကြောင်းအရာများ ရေးရမည်လား...။ သို့လောသို့လောဖြင့် တွေးတောရင်းကပင် နုတ်စာအုပ်လေးသည် ငွေသော်တာ့ရင်ထဲ ရှိသော အကြောင်းအရာများ ရင်ဖွင့်ရာနေရာဖြစ်လာခဲ့သည်။

Deadly NightshadeWhere stories live. Discover now