"မင်း တကယ် ရှိနေတာပဲ ရူးမိုက်လိုက်တာ"

ဆရာက ကားပေါ်မှ ဆင်းလာပြီး ကျွန်တော့်အနား ခပ်သုတ်သုတ် ပြေးလာပါသည်။ ထို့နောက် ဆံပင်လေးတွေကို သပ်တင်ပေးပြီး နှင်းတွေကို ဖယ်ထုတ်ပေးသည်။

"ဒုက္ခပါပဲ... ဒီလိုနဲ့ အအေ‌းမိတော့မယ်"

ကားတံခါးဖွင့်ပေးပြီး ‌ကားပေါ်ကို ဆွဲသွင်းသည်။ ထို့နောက် ဆရာက တစ်ဖက်မှာ ဝင်ထိုင်ပြီး အပူပေးစက် ဖွင့်ပေးပါသည်။

"ဒါလေး ဝတ်ထားလိုက် ဟုတ်ရဲ့လား"

ဆရာ ဝတ်ထားသည့် ဆွယ်တာလေးကို ချွတ်ပေးပြီး ကျွန်တော့် ပုခုံးပေါ် လွှမ်းပေးသည်။ ဆရာ့ကို လှမ်းငေးမိတော့ စိုးရိမ်မှုတွေနဲ့ ကျွန်တော့်ကို ကြည့်လို့နေပါသည်။

"ကိုရိန်းက မင်းစောင့်နေတယ်လို့ လှမ်းပြောလို့ ကလေးလေး... ဘာလိုများလဲ ဒီလောက်ထိ မစဉ်းစား မဆင်ခြင်ဘဲ မလုပ်သင့်တာကို မသိဘူးလား။ ဒီလိုနဲ့ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ"

ဆရာ မေးနေသည်ကို ပြန်မဖြေမိ... ပုခုံးပေါ်မှ ဆွယ်တာအစလေးကို ကျစ်ကျစ်ဆုပ်ကိုင်ထားမိပြီး အောက် နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။

"ဘာလို့ ဆရာ့ကို စာကြည့်တိုက် အရှေ့မှာ စောင့်နေခဲ့တာလဲ"

ဆရာက ကားမောင်းနေရင်းမှ လှမ်းပြောသည်။

ဆရာ့ကို ငေးကြည့်မိတော့ ဆရာ့ဆံပင်တွေဟာ အနားသပ်တွေ တိုသွားသည်။ စစ်မှုထမ်းရတော့မည်မို့ ဆံပင်တွေ ညှပ်ပစ်လိုက်ပြီးပုံ ရပါသည်။

"ကျွန်တော် ဆရာ့ကို လွမ်းလို့ပါ"

ဆရာ့ဆီက သက်ပြင်းချသံ သဲ့သဲ့လေး ထွက်ပေါ်လာပါသည်။

ခက်တော့လည်း သိပ်ခက်လှပါသည်။ အချစ်ဆိုတာမျိုးက ရပ်ချင်တိုင်းလည်း ရပ်လို့ မရသလို၊ ချစ်ချင်တိုင်းလည်း ချစ်လို့ ရနိုင်မျိုးမှ မဟုတ်ဘဲ...

ဒီရက်တွေထဲ အေးခဲနေသည့် ဆောင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ဆရာ့ဆီက နွေးထွေးမှုတွေကို တမ်းတနေမိခဲ့တာ ကျွန်တော် ကိုယ်တိုင်သာ အသိဆုံးပါ။

Kissing In The Moonlight [Completed]Where stories live. Discover now