အပိုင်း(၄) Unicode

Start from the beginning
                                    

ဥတုရာသီတောကိုမှီ​၏ ဆိုသည့်စကားအတိုင်း သဘာဝတရားကိုထိခိုက်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းခြင်းခံထားရသည့် မို့လိဟွားတောတွင် ရာသီဥတုဖောက်လွဲဖောက်ပြန်ခြင်းဟူသည်မရှိ။နွေဦး၊နွေ၊ မိုးဦး၊မိုး၊ဆောင်းဦး၊ဆောင်း စသည့်ခြောက်မျိုးသော ရာသီဥတုသည် မို့လိဟွားတောအတွင်း၌သာဖြစ်ပေါ်ပြီး၊ ဥတုရာသီ အလိုက်ပွင့်ဖူး၊ ပွင့်သီးကြသည့် အပင်တို့​၏အလှတရားတို့သည်လည်း သာမန်ထက်ကွဲပြားခြားနားကြသေး​၏။

နွေရာသီဆိုလျှင် နွေရာသီအလျောက် ဥဩငှက်တို့တွန်သံသာပြီး၊ မိုးရာသီဆိုလျှင် နွေတစ်လျှောက်ပုန်းခိုနေတတ်ကြသည့် ဖား၊ပုရစ်စသည့်သတ္တဝါငယ်လေးများ​၏တွန်မြည်သံတို့နှင့်အတူ ဆောင်းရာသီဆိုပါကလည်း ဆောင်းခိုငှက်လေးများတို့​၏ တောင်ပံခတ်သံတို့ကိုလည်းကြားရပြန်​၏။

ထို့အပြင် မို့လိဟွားတောသည်သူတော်စင်တို့အတွက် ပျော်မွေ့ဖွယ်ရာဖြစ်သလို၊ သူတော်စင်တို့​၏သီလအမှန်တကယ်စင်ကြယ်မှုရှိမရှိကို အဆုံးအဖြတ်ပေးနိုင်သည့် အရပ်လည်းဖြစ်​၏။လှပသည့် တောတောင်သဘာဝရှုခင်းများကြောင့် သီလမခိုင်သည့် သူတော်စင်တို့သည် အခန့်မသင့်လျှင်ဈာန်လျောရပြီး၊ နောက်ထပ်အကြောင်းပြချက်တစ်ခုမှာမူ ထိုမို့လိဟွားတောအတွင်း၌ နေထိိုင်သည့် သက်ရှိလူသားများကြောင့်ဖြစ်​၏။

မို့လိဟွားတောအတွင်းနေထိုင်သည့်လူတို့​၏အဆက် အနွယ်များသည် မို့လိဟွားတောကိုထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မိုးနတ်မင်းမှ ဖန်ဆင်းပေးထားသည့် လူများဖြစ်ကြသည်ဟုပါးစပ်ရာဇဝင်များအရတင်စားကြသော်လည်း အမှန်စင်စစ်မှာမူ လူမှပေါက်ဖွားသည့် လူသားစင်စစ်များပင်ဖြစ်ကြ​၏။

ထိုသူတို့သည် မို့လိဟွားတော၌ ဖြစ်တည်သော သဘာဝတရား​၏အလှအပများနှင့်သဘာဝတရား​၏ရင် သွေးငယ်များဖြစ်ကြသော တောတွင်းတိရစ္ဆာန်လေးများကို ကျောသားရင်သားမခွဲခြားဘဲချစ်ခင်ကြင်နာကြ​​၏။ဂေဟစနစ်ဖြစ်သော သားကောင်တို့​၏အချင်းချင်း နိုင်ရာစား သဘာဝအားလွန်ဆန်ပိတ်ပင်တားမြစ်ထားခြင်းမရှိသော်လည်း၊ တောအတွင်းနေထိုင်ကြသည့် လူသားအချင်းချင်းခိုက်ရန်ဖြစ် သတ်ဖြတ်ခြင်းများကိုတားမြစ်ထားကြ​၏။

Ineluctable Where stories live. Discover now