အပိုင်း(၄) Unicode

Start from the beginning
                                    

ထို့ကြောင့်လူစုခွဲပြီးရှာကြရာ အနောက်အရပ်၌လည်းမတွေ့၊ မြောက်အရပ်၌လည်းမတွေ့၊ အရှေ့အရပ်၌ ရှာပြီးသည့်တိုင်မတွေ့သေးတာကြောင့်သူတို့​၏တစ်ခုတည်းသောမျှော်လင့်ချက်သည် တောကြီး​၏တောင်ဘက်အရပ်၌သာဖြစ်တော့​၏။

"မို့လိဟွားတောစပ်ဘက်ကိုသွားရှာကြမယ်..."

ချီစစ်သူကြီး​၏အမိန့်ကြောင့် သူ​၏စစ်သည်များသည် မို့လိဟွားတောရှိရာဘက်သို့မြင်းဦးလှည့်လိုက်​၏။

မို့လိဟွားတောသည် ကေသရာဇာတိုင်းပြည်​၏ နယ် မြေအဆုံးသတ်ရာတောင်ဘက်ယွန်းယွန်း၌တည်ရှိပြီး၊ တစ်ဖက်၌မူ ဟန်တိုင်းပြည်​၏ အနောက်တောင်နယ်နိမိတ်ဖြင့်ထိစပ်နေသည်။ထိုသို့ကေသရာဇာတိုင်းပြည်နှင့် ဟန်တိုင်းပြည် ကြားတွင် တည်ရှိနေပါသော်လည်း မို့လိဟွားတောသည် ထိုတိုင်းပြည်​တို့၏ဩဇာပိုင်နက်အတွင်း၌မရှိဘဲ တသီးတခြားတည်ရှိနေခြင်းဖြစ်​၏။

ရှေးအစဉ်အဆက်မှ လက်ဆင့်ကမ်းဒဏ္ဍာရီများအရမို့လိဟွားတောသည်မိုးနတ်မင်းမှချီးမြင့်ထားသည့်တောဟူ၍ အဆိုရှိကြပေရာ ခေတ်အဆက်ဆက်တိုင်းပြည် အသီးသီးမှ ရှင်ဘုရင်တို့သည် မို့လိဟွားတောအား ထိပါးရဲခြင်းမရှိ၊ စစ်ကင်းမဲ့ ငြိမ်းချမ်းရေးနယ်မြေအဖြစ်သတ်မှတ်ထားကြ​၏။

မို့လိဟွားတောသည်တောအထပ်ထပ်၊တောင်အသွယ်သွယ်၊လျှိုအမြောင်မြောင်၊ စိမ့်စမ်းရေတံခွန်၊စမ်းချောင်းအလီလီတို့ဖြင့်အခြားသောတောများနှင့်မတူနတ်တို့ဖန်တီးထားသည့်အလား သဘာဝအလှတရားထက်သာလွန်သော အလှတရားတို့ဖြင့်ပြည့်နှက်နေ​၏။

အရိပ်ရသစ်ပင်များမှစ၍ အလှပန်းပင်များအဆုံး၊အချို့သောရှားပါးလှသည့် ဆေးဘက်ဝင်သစ်ပင်၊ပန်းပင်အနွယ်ပင်တို့သည်အစုံအလင်ပေါက်ရောက်ကြပြီး၊ ကျား၊ကျားသစ်၊ဝံပုလွေ၊ မြေခွေးစသည့် တောရိုင်းသတ္တဝါများ၊ ဆင်၊မျောက်၊ယုန်၊ရွှေသမင်၊ဒရယ်၊စိုင်၊ဆတ်စသည့် ကုန်းနေသတ္တဝါများနှင့်ရေပုတ်သင်၊လိပ်၊ငါးစသည့် ရေနေသတ္တဝါများသည်လည်းစုံလင်စွာရှိကြ​၏။

သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနားသည်။ထို့အတူပင် သစ်ပင်ပေါင်းမြောက်များစွာရှိသည့် မို့လိဟွားတောသည် သိမ်းငှက်၊လင်းယုန်၊ဘီလုံး၊ ဥဒေါင်း၊ခါ၊ ဗျိုင်း စသည့်ဝေဟင်သတ္တဝါများ​၏နားခိုရာအိမ်လည်းဖြစ်​၏။

Ineluctable Where stories live. Discover now