နွေရာသီ အားလပ်ရက် ခရီး... ဒီလိုမျိုးပဲ အတန်းလိုက် ခရီးတိုလေးတွေ အလှည့်ကျ သွားခွင့်ပေးပါသည်။

သို့သော် တစ်ခါမှတော့ မလိုက်ခဲ့ရဖူးသည်မို့ ကိုရိန်းကိုပဲ အပူကပ်ရဦးမည်။

ကျောင်းခန်းထဲကို ရောက်တော့ ကိုရိန်းအနား တိုးကပ်လိုက်သည်။

"အမေ့ကို မင်းပဲ ပြောပေးပါလား ကိုရိန်းနော်... အမေက မင်းပြောရင် ရမှာ။ ပြီးတော့ ဒီတစ်ခါက ဆရာ ကိုယ်တိုင် စီစဉ်တာဆိုတော့ ငါလည်း လိုက်ချင်တယ်။ ဆရာနဲ့ ခရီး အတူတူ ထွက်ချင်လို့ပါကွာ... ကိုရိန်း မင်းပြောပေးမယ် မဟုတ်လား"

ကိုရိန်းက သူ့ ခေါင်းကို ကုပ်ကာ မျက်မှောင်ကုပ်လို့ စဉ်းစားရ ခက်နေဟန်

"မင်း အမေအကြောင်းလည်း သိရဲ့သားနဲ့... အန်တီက မင်းကို ဘယ်မှ လွှတ်ချင်တာမှ မဟုတ်တာ"

"မင်းလည်း ပါမှာပဲကို လုပ်ပါနော် ကိုရိန်းရာ... အခု ကတည်းက ကြိုပြောရင်တောင် တစ်ပတ်လောက် နားပူအောင် ပြောရဦးမှာ"

ကိုရိန်းက သက်ပြင်းရှည်ကြီးချလို့ ခေါင်းကို လေးပင်စွာ ညိတ်လိုက်ပါသည်။

"ကိုရိန်းကြီးက အကောင်းဆုံးပဲ"

ပြုံးပျော်ပြီး ကိုရိန်း လည်ပင်းကို တိုးဖက်တော့ ကိုရိန်းက ပုခုံးတွေ လှုပ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် ရယ်လာတော့သည်။

"မင်း လုပ်ချင်တာ လုပ်လို့ ရရင် ငါ့ကို သိပ်ချစ်နေရောပဲ။ မဟုတ်ရင်တော့ စိတ်ကောက်မယ်ဆိုတာချည်းပဲ"

ကိုရိန်းက ရယ်သံကလေးနဲ့ ကျွန်တော့် ခေါင်းကို ပွတ်သပ်လို့ ပြောသည်။

"ကိုရိန်းကလည်း ငါက မင်းကို အမြဲ ချစ်တာပါ သိရဲ့သားနဲ့"

"အဲလိုပဲ မှတ်ထားလိုက်ပါ့မယ်"

ကိုရိန်းက စာသင်ခန်းရဲ့ အပြင်ဘက်ကို လှမ်းကြည့်ပြီး အကြည့်လွှဲလို့ သွားပါသည်။ ကိုရိန်း မျက်ဝန်းထဲမှာ အရည်ကြည်တွေလဲ့လို့ စိတ်မကောင်းဖြစ်နေပုံ ရပါသည်။

"ငါ တကယ်ပြောတာပါ။ မင်းက ငါ့အချစ်ဆုံး သူငယ်ချင်းပဲကိုး... ပြီးတော့ ငါ့အစ်ကိုလိုပါပဲ။ ငါ့အပေါ် မင်းလောက် ကောင်းတဲ့သူ မရှိဘူး။ မင်းက အချစ်ဆုံးပဲ"

Kissing In The Moonlight [Completed]Where stories live. Discover now