*ကျေးဇူးပါ ဦးဦး*

ကလေးမလေးဟာ သူ့အား ချက်ချင်းပင် ကျေးဇူးတင်စကားပြောလာသည့်အခါ ခန့်ညား ပို၍ အသည်းယားသွားလေတော့သည်။ တကယ်ကို ကလေးတွေက အရိုးသားဆုံးပင်။ ရိုးရှင်းတဲ့ သကြားလုံးလေးရတာကိုပင် ကျေးဇူးတင်စကားပြောရကောင်းမှန်း သိကြပေသည်။ သို့သော် တစ်ချို့လူကြီး‌တွေမှာတော့ ကြီးမားတဲ့အရာတွေကို ရထားတာတောင် မရောင့်ရဲနိုင်ကြ။ လက်ရှိနေနေရသည့် ဘဝကို ကျေးဇူးတင်ရကောင်းမှန်းမသိကြပေ။

*ဦးဦးက သမီးလေးရဲ့ အမေကို ရှာပေးဖို့ဆို မေးခွန်းလေး နည်းနည်းမေးမှ ဖြစ်မှာမို့ သမီးလေးက ဖြေပေးမှာလားဟင်?*

သူမေးလိုက်တော့ ကလေးမလေးဟာ အသာပြုံးကာ ခေါင်းငြိမ့်ပြလာလေသည်။

*သမီးက အခု ဘယ်နားလေးက နေမကောင်းဖြစ်လို့ ဆရာဝန်ကြီးတွေနဲ့ လာပြတာလဲဟင်? *

သူမေးလိုက်သောအခါ ကလေးမလေးဟာ အနည်းငယ် မျက်နှာလေး မဲ့သွားကာ သူ၏ ဘယ်ဘက်ရင်အုံဘက်သို့ လက်ညှိုးလေးထိုးပြလာလေသည်။

*ဒီနေရာက နာလို့။ မေမေက ပြောတယ် မီးမီးရဲ့ ဒီနေရာမှာ စက်ရုပ်လေးတွေလို ပစ္စည်းလေးရှိတယ်တဲ့ ။ အဲ့တာကြောင့် မီးမီးက ဟင့်! သူများတွေလို ပြေးပြီးဆော့လို့ မရဘူး ဟင့်!*

ကလေးမလေးဟာ ပြောရင်းပင် တစ်ဖန်ပြန်၍ မျက်ရည်တွေကျလာတာမို့ ခန့်ညား ကလေးမလေးအား အငိုတိတ်ရန် လုပ်ရတော့သည်။ ဒီလောက်ဆို ဒီကလေးလေး ဘယ်အဆောင်က လာလဲဆိုတာ သူသိနေပြီ ဖြစ်သည်။ သူ့အနေနှင့် ဒီကလေးအား အရမ်း ငိုခိုင်းလို့ မဖြစ်ပေ။ အချိန်မရွေး အမောဖောက်သွားနိုင်ပေသည်။

*ကဲ ဟုတ်ပါပြီ။ မငိုနဲ့တော့နော် မီးမီး။ ဒီက ဆရာဝန်ကြီးတွေက အရမ်းတော်ကြတာ။ မီးမီးလေး ခဏလောက် ဆေးကုပြီးရင် သက်သာသွားမှာ *

ခန့်ညား ကလေးမလေး၏ လက်နှစ်ဖက်အား ခပ်ဖွဖွလေးဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ ထိုအခါ ကလေးမလေးဟာ သူ့အား စူးစမ်းသလိုနှင့် မော့ကြည့်လာကာ မျှော်လင့်ချက်တွေ ရောင်ခြည်သန်းနေသည့် အကြည့်များနှင့် မော့ကြည့်လာလေသည်။

Chilli Pepper Where stories live. Discover now