အသက်ကတော့ ကျွန်တော့်ထက် အနည်းကြီးပါလိမ့်မည်။ ထိုလူက စာအုပ်ကိုသာ တမေ့တမော စိုက်ကြည့်နေသည်မို့ ကျွန်တော့်ကိုတောင် သတိမထားမိပါဘူး။

"ဟို... ကျွန်တော် ယူမလို့ ရွေးထားတာပါ"

စိတ်ထဲက ရွေးထားသည့် စာအုပ်ပဲ မဟုတ်ပါလား... ဟိုဘက်က လူက စာအုပ်ကို လက်ထဲ ကိုင်ထားပြီး အရင်ရသွားခဲ့သည်။

သို့သော် မထင်မှတ်ထားသည်က ထိုလူဆီက စာအုပ်လေးမှာ ကျွန်တော့် အရှေ့သို့ ရောက်လို့လာပါသည်။

ထိုလူက မျက်တောင် ရှည်ကြီးတွေကို ပုတ်ခတ်ကာ မျက်ဝန်းဝိုင်းဝိုင်းကြီးတွေဖြင့် လှမ်းပြုံးပြသည်။ သူ့ အပြုံးက လူကြီးလူကောင်းဆန်ပါသည်။

ရှပ်အင်္ကျီ အဖြူလေးကို ကြယ်သီးတစ်လုံးတည်းသာ ဖြုတ်ထားပြီး ရေစက်အနည်းငယ် ရှိနေသည့် ကုတ်အင်္ကျီလေးကိုတော့ သူ့လက်‌မှာ ချိတ်လို့ထားပါသည်။

ထိုလူလည်း ကျွန်တော့်လို စာကြည့်တိုက်ထဲ မိုးခိုဖို့ ရောက်လာပုံပါပင်။

"မင်း အရင်ဖတ်လို့ ရပါတယ် ကလေးရဲ့... ကိုယ်က နောက်မှ ဖတ်လိုက်မယ်လေ"

ကျွန်တော်က ကလေး အရွယ် မဟုတ်တော့ပါဘူး။ မကြာခင် အသက်ပြည့်တော့မည့် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်လူငယ် တစ်ယောက်ပါ။

သို့သော် ထိုလူက ကလေးလို့ ခေါ်လာတော့လည်း စိတ်မဆိုးမိ... သဘောတကျဖြင့် ထိုလူ့လက်ထဲက စာအုပ်လေးကို ယူလိုက်မိပါသည်။

"Jane Austen ရဲ့ စာအုပ်တွေကို လူငယ်တွေ ဖတ်သင့်တာပေါ့။ ဆရာမက လူ့အဆင့်အတန်းတွေ၊ ဂုဏ်မောက်မာမှုတွေ၊ ခွဲခြားမှုတွေကို ဖော်ပြပေးထားတာ... မင်းတို့ ကလေးတွေ ဖတ်ရင်ပိုပြီး အကျိုးရှိပါတယ်။ အချစ်ဇာတ်လမ်းတွေချည်း သက်သက် မဟုတ်တာမို့ ပညာရတယ်လေ"

ထိုလူက လက်ပိုက်ကာ စာအုပ်လေးကို ကြည့်ဖို့ ‌အသေးစိတ်ရှင်းပြလာပါသည်။ ထိုလူ့ အသံဟာ ကြည်လင်နေပြီး အေးချမ်းနေ၏။ ပူလောင်မှုတွေနဲ့ ကင်းဝေးနေသည့် နားထောင်လို့ အသံတွေ ဖြစ်သည်။

"ဟုတ်ကဲ့ ကျွန်တော် ဖတ်လိုက်ပါမယ်"

လက်ထဲမှ စာအုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ ရင်ထဲမှာ နေလို့ မကောင်းချင်။ မိုးမိသွားသည်မို့ ရင်ဘတ်ထဲ ပူပူလောင်လောင် ဖြစ်နေသလားတောင် မပြောတတ်ပါဘူး။

Kissing In The Moonlight [Completed]Where stories live. Discover now