သူ့ခမျာ ရယ်ရမလား ငိုရမလားတောင် မသိတော့။ စကားလည်း ကျယ်ကျယ် မပြောရဲရာ လက်ဟန်ပြပြီး ပြောလိုက်ရသည်။
"သေပြီးသား အလောင်းကြီးဟ! ငါ့ကို ဒီက ထွက်လို့ရမဲ့နည်း မြန်မြန်ကူစဉ်းစားပေးဦး"

ဖတ်တီးက လန့်သွားပြီး လေထဲတွင် သူ့ကိုယ်ကို လှုပ်ယမ်းလျက် ပြောလာ၏။
"အဲဒါဆို ငါ့ကို အရင် အောက်ချပေးဦး"

သူ့လက်ထဲရှိ ဓားမြောင်အား ဖတ်တီးထံ ပစ်ပေးလိုက်ရာ ဖတ်တီးက အလျင်အမြန်ဖမ်းလိုက်ပြီး ခြေထောက်၌ ရစ်ပတ်ထားသော နွယ်ကြိုးကို ဖြတ်လိုက်သည်။ အစက သူ မတွေးမိသေးသော်လည်း သူကိုယ်တိုင်ဘာဖြစ်ခဲ့သည်ကို အမှတ်ရသွားတော့ သတိပေးဖို့ပြင်လိုက်သည့်တိုင် နောက်ကျသွားခဲ့လေပြီ။ ဖတ်တီးကား အော်လျက် ပြုတ်ကျလာပြီး ချပ်ဝတ်တန်ဆာနှင့် အလောင်းပေါ်သို့ တည့်တည့်ပင်။ အလောင်း၏ မျက်နှာဖုံးမှာလည်း ကွာကျသွားသည်။ သူ လှမ်းကြည့်ဖို့ပြင်လိုက်သော်လည်း ဖတ်တီးက အလျင်အမြန်လှည့်လာကာ အော်လိုက်လေသည်။

"မကြည့်နဲ့! အဲဒါ မျက်လုံးစိမ်းမြေခွေးဟ"

ကံမကောင်းစွာနှင့် ဖတ်တီး၏ သတိပေးမှုက နောက်ကျသွားခဲ့သည်။ မျက်နှာဖုံးအောက်ရှိ မျက်နှာကို သူက လှမ်းကြည့်လိုက်မိပြီးဖြစ်လေသည်။ လျင်မြန်လှသောအကြည့်တစ်ချက်နှင့် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထသွား၏။

"ဘယ်လိုလုပ်ပြီး ဒါက လူတစ်ယောက်တဲ့လဲ"
သူ ရေရွတ်လိုက်မိ၏။

မျက်နှာဖုံးအောက်တွင်ကား ဖြူဆွတ်ဖျော့တော့နေသော မျက်နှာတစ်ခုရှိပြီး အနီးကပ် အသေအချာ ကြည့်လိုက်ပါက လူတစ်ယောက်၏ မျက်နှာသွင်ပြင်ကို ခပ်ရေးရေးပုံဖော်ကြည့်နိုင်သေးသည်။ ၎င်း၏ ခေါင်းထက်တွင်မူ ဆံပင်မွှေးဟူ၍ တစ်မွှေးမျှပင်မရှိ။ မျက်ခုံးမွှေးလည်း မရှိ။ မုတ်ဆိတ်ဟူ၍လည်း မရှိပေ။ ထိုမျက်နှာက သိသာစွာပင် ပုံမှန်သွင်ပြင်လက္ခဏာမျိုး ရှိမနေချေ။ မျက်လုံးများကလည်း မျဉ်းတစ်ကြောင်းမျှ ကျဉ်းမြောင်းပြီး ထိုအစိမ်းရောင်မျက်လုံးများထဲမှ အေးစက်စက်အလင်းတစ်ခု ထုတ်လွှတ်နေသည်။ ထိုမျက်နှာသည်က လူမျက်နှာနှင့် မြေခွေးတစ်ကောင် စဉ်းလဲစွာပြုံးနေသည့်အတိုင်း အတိအကျတူသည်ဟု သူ ခံစားရလေသည်။

Daomu Biji (Myanmar Translation)Where stories live. Discover now