ကျွန်မနှင့် အပိုင်းအစများ

219 12 10
                                    

# poem, poet, movie, feeling, painting

🤍 a poem

သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်းဘယ်လိုမှ ဖတ်ရမှာ မဟုတ်ဘူး...

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဥ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ကွယ်..

ချစ်သူရေ
လောကမာယာ ဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ...

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
ဘာဖြစ်လဲ.........
ဝမ်းမနည်းကြေး ... တို့တွေရွာသွန်းကြရုံပေါ့...

ယုံကြည်ထားစမ်း
ရေငွေ့ ရေခိုးကလည်း
ပင်လယ်ကို
စိုက်ပျိုးနိုင်တယ် ဆိုတာ.... ။ ။

ချစ်သူသို့
တာရာမင်းဝေ

ငယ်စဥ်ကတည်းက သိပ်ကြိုက်ခဲ့ရတဲ့ ကဗျာလေးပါ။ ဆရာတာရာမင်းဝေ ေရးခဲ့တဲ့ ချစ်သူ သို့တဲ့ ။ သူက တစ်... အဆက်တွေရှိသေးသည်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာလေးကို ဖတ်လိုက်တိုင်း ရလာတတ်တဲ့ ခွန်အားတွေကို ကျွန်မ သိပ် သဘောကျပါသည်။

စစ်တုရင်တစ်ပွဲလုံးကို ဆွဲမှောက်ခံလိုက်ရပေမယ့် "ဘာဖြစ်လဲ... ဝမ်းမနည်းကြေး... တို့တွေရွာသွန်းကြရုံပေါ့ " တဲ့။ ဘဝဆိုတာ ပန်းမွေ့ရာ ရွှေကော်ဇော မဟုတ်တာတော့ အသေအချာပဲမို့လား။ လောကရဲ့ မာယာတွေ က သိပ်ကိုရှုပ်ထွေးကျယ်ပြန့်လှတယ်။ အနိုင်ရခါနီးမှ စစ်တုရင်တစ်ပွဲလုံးကို ဆွဲမှောက်ခံလိုက်ရတဲ့ အဖြစ်မျိုးတွေလည်း ကြုံမှာပါပဲ။

ချစ်သူရေ.. တို့တွေ သန်မာကြရမယ်။ လောကရဲ့ ဗုံတီးချက်တွေကို ရင်ဆိုင်ရဲရမယ်။ စိတ်တွေကို ခိုင်မတ်နေစေဖို့ ကြိုးစားရမယ်။

ယုံကြည်ထားစမ်းကွယ်... အပြောကျယ်လှပါတယ်ဆိုတဲ့ ပင်လယ်ကြီးကို စိုက်ပျိုးခဲ့တာ ရေခိုးရေငွေ့ ကလေးတွေပဲ ဆိုတာ ။

**************

🤍 a poet

ငယ်ငယ်က ဘွားဘွားက မြေးတွေအတွက် တီဗွီတစ်လုံးဝယ်ပေးတယ်။ အဲ့ခေတ်က TV တို့ ကားတို့ အသုံးအဆောင် ပစ္စည်းတွေ သိပ်ကိုရှားပါးတဲ့ခေတ်ပါ။ မြန်မာ့ရုပ်မြင်သံကြား ပေါ်ခါစ။ တီဗွီလိုင်းမှာ အဖြူအမည်း မြန်မာ့ရုပ်ရှင်တွေ ဇာတ်သဘင်တွေ အမြဲလာတယ်။
ဝင်းဦးကားများဆို အဖွားတွေ အကြီးတွေ အမေတွေ အဒေါ်တွေ အသည်းစွဲပေါ့။ ကိုယ်တွေကတော့ ကာတွန်းကားလေး တယ်လီမက်ချ်အစီစဥ်လေးတွေ လုကြည့်ရတာပါ။
မိုးနတ်သူဇာ သီတာဝင်း တို့ တစ်ခိုင်လုံးရွှေ အေးအေးမြင့်တို့ အငြိမ့်တွေလည်း အခါကြီးရက်ကြီးတွေဆို လာတတ်ဟန်ပါပဲ။ အဲ့ဒီ အထဲမှာ လူကြီးတွေအသည်းစွဲ ဇာတ်မင်းသား တစ်လက်ရှိတယ်။ "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်" ဆိုပြီး သီချင်းဆိုတတ်တာ မှတ်မိနေတယ်။ ပျိုတိုင်းကြိုက် မင်းသားတစ်လက်ထင်ရဲ့။ မန္တလေး သိန်းဇော် ပါ။
မှတ်ဉာဏ်ထဲ ခပ်ရေးရေးပါပဲ။

My Feelings, My Creations Where stories live. Discover now