အပိုင်း(၁၁)

Start from the beginning
                                    

ကောင်းကင်တစ်ခွင် တိမ်တောင်တိမ်မဲတွေ အလိပ်လိုက်စုဝေးလာနေသည်။ မှိုင်းညို့‌လာတဲ့ကောင်းကင်ကြီးကိုကြည့်ရင်း မဒီတို့အနာဂတ်တွေအတွက် ရီဝေစွာတွေးတောနေမိသည်။ မဒီအိမ်ပြန်ရောက်နေပြီ။ အကြီးဆုံးသမီးနဲ့ အစ်မအကြီးဆုံး တာဝန်တွေယူရတော့လည်း တစ်ပြိုင်နက်တည်းပါလား။ မဒီ့ကိုစိတ်မပူဘူးလားဟင်။ တစ်ရက်တည်းအတူတူထားသွားရလောက်အောင်ပဲ စိတ်ချခဲ့ပြီလား။ အလတ်ကောင်ကတော့ ငိုရင်းကပဲ အစ်မဖြစ်သူအတွက်အားဖြစ်စေပါသည်။

“မမ ကျွန်တော်ရှိတယ်နော်~~ကျွန်တော်တို့က၃ယောက်တောင်ပဲဗျာ~~ဘာမှကြောက်စရာမလိုပါဘူး~~”တဲ့။

အငယ်လေးကတော့ လဲလျောင်း‌နေတဲ့အမေနဲ့ အဖေ့ဘေးမှာ တစ်ဖဝါးမှမခွာပဲ ငိုနေလိုက်တာ။ မမတာဝန်မကျေဘူးကွယ်။ မမမကောင်းဘူး။ ဘယ်လောက်ပဲပြိုချင်ပြိုချင် ပြိုကျလို့မရတဲ့ ဘဝအခြေအနေတွေပါပဲ။ ဘယ်လောကဓံလာဦးမလဲ။ ဒီကလေးနှစ်ယောက်အတွက် အစ်မကြီးအမိရာ နေရာကနေပြီးရင်ဆိုင်ပစ်မယ်။ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကို လက်ဖနောင့်နဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ အလတ်ကောင်ပြောသလိုပဲ။ ငါတို့က၃ယောက်ပဲ။ ဘာမှကြောက်နေစရာမလိုပါဘူး။ ဒီလိုနဲ့ မိဘနှစ်ပါးရဲ့ဈာပနကို မဒီဦးစီးလုပ်ဆောင်နိုင်ခဲ့ပါသည်။

အမေတို့ကိုသင်္ဂြိုလ်တဲ့နေ့က မိုးတွေတအားရွာတာပဲ။ ဒါပေမယ့် သုဿန်သွားတဲ့အချိန်ကျ မိုးစဲသွားသည်။ ကောင်းကင်တစ်ခုလုံးအုံ့မဲပြီး မိုးပေါက်တစ်ပေါက်တောင်မကျတာ မဒီ့ကို အားပေးချင်လို့လား။ မဒီမငိုတော့ဘူးအဖေ။ မောင်လေးနှစ်ယောက်ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း မဒီမငိုတော့ဘူး။ အဖေ့သမီးကြီး၊အမေ့သမီးကြီးကိုစိတ်ချပါတော့။ အငယ်နှစ်ယောက်အတွက်လည်းစိတ်ချပါ။ ခေါင်းတိုင်ကထွက်တဲ့မီးခိုးတွေကိုကြည့်နေရင်း တိတ်တိတ်လေး ကတိပေးမိတယ်။ သမီးကြောင့် ဒီကလေးတွေဒုက္ခမရောက်စေရဘူး။

ရက်လည်ပြီးသည်အထိ မမလေးကလူကိုယ်တိုင်တစ်မျိုး၊ ငွေအားတစ်ဖုံကူညီပေးခဲ့သည်။ ကလေးနှစ်ယောက်တည်းအတွက် ဒီနေရာဟာမလုံခြုံတော့ဘူးဟုဆိုကာ မဒီနှင့်အတူနေရန် ခွင့်ပြုခဲ့သည်။ ပစ္စည်းတွေဘာတွေအစဆုံးသိမ်းဆည်းပြီးသည့်နောက်တစ်နေ့မှာပင် မမလေးတို့၏အိမ်ကြီးသို့ ရောက်ရှိလာခဲ့သည်။အရင်လိုတော့ အိမ်မကြီးမှာမဒီမနေတော့။ အလုပ်သမားတန်းလျားကအခန်းမှာသာ မောင်နှမသုံးယောက်စုဝေးနေထိုင်လိုက်သည်။ မနက်တိုင်းမမလေးအတွက်တာဝန်ကို မပျက်မကွက်ထမ်းဆောင်နေစဲပင်။ ကလေးနှစ်ယောက်အတွက်ကျောင်းပြောင်းကိစ္စတွေပါမမ‌လေးစီစဉ်ပေးတာမို့ မဒီတို့အတွက်တော့ ကျေးဇူးကြွေးတွေအများအပြားဖြစ်လာသည်။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now