"ကောင်းတယ် သိပ်ကောင်းတယ် ဒီပုံတွေကိုသာ အွန်လိုင်းပေါ် တင်လိုက်ရင် မင်းရဲ့ ပရိသတ်တွေကတော့ ရူးကုန်တော့မှာပဲ ပုံတွေကို ပြန်ပြင်ဖို့တောင် မလိုတော့ဘူး အသားအရေ မျက်နှာအစိတ်အပိုင်း အကုန်လုံး perfect ပဲ နည်းနည်းလောက် အလင်းအမှောင် ပြန်ချိန်ပြီးတာနဲ့ တိုက်ရိုက်သုံးလိုက်လို့တောင် ရနေပြီ ..."

ဆိုင်မွန်က ရိုက်ကူးထားသည်များကို ပြန်ကြည့်ရင်း ပြောလိုက်သည်။

"အယ်လ်ဘမ်က ဘယ်အချိန်ဆို အဆင်သင့်ဖြစ်လောက်လဲ ..."

ရှောင်ကျားရှုမှာ အနည်းငယ် ပူပန်နေဟန်ပင်။

"သန်ဘက်ခါလောက်ပေါ့ ..."

"ဒီလောက်တောင် ကြာတယ်လား ဒါဆို ကျွန်တော့်ကို နဂ္ဂတစ်တွေပဲ အရင်ပို့ပေးလို့ ရမလား WeChat မှာ  add လိုက်မယ်လေ ..."

သူက ဖုန်းကို ထုတ်ပေးလိုက်သည်။

အလှအပ မြတ်နိုးသူ ဆိုင်မွန်က တစ်လုံးမျှပင် စောဒကမတက်ဘဲ add ကာ ဓာတ်ပုံများကို တစ်ပုံချင်း ပို့ပေးလိုက်သည်။ ရှောင်ကျားရှုက အိမ်ပြန်ရောက်သည့်အခါ ပုံများကို သူကိုယ်တိုင် ပြန်ပြင်ပြီး ကျိမြန်ထံ ပို့ပေးလိုက်တော့သည်။

ထိုအချိန်တွင် ကျိမြန်မှာ စာအုပ်ဖတ်ပြီး၍ အိပ်ယာမဝင်ခင် ဖုန်းသုံးရန် ဖုန်းကို ကောက်ကိုင်ကာစ ဖြစ်သည်။ WeChat နှင့် QQ တို့မှ စာတိုများစွာ ဝင်နေကာ အားလုံးမှာ လူရွေးပွဲအတွက် မေးမြန်းထားသည်များပင်ဖြစ်သည်။ တစ်ယောက်လျှင် စာတိုတစ်ဒါဇင်ခန့်အထိ အပူတပြင်း ပို့လာကြပြီး ရှောင်ကျားရှုပင်လျှင် ရှားရှားပါးပါး ၃၆ စောင် ပို့လာသေးသည်။

သူက မျက်ခုံးကို အသာပင့်ကာ တစ်ချက်မျှပင် မတွေးဘဲ ရှောင်ကျားရှု၏ စာများကို ဝင်ကြည့်လိုက်တော့သည်။ ထို့နောက်တွင်တော့ ကြက်သေသေသွားတော့၏။

ချောမောလှသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ငွေမင်ရောင်စက်ဝန်းနှစ်ခု ဝိုင်းရံထားသည့် မဟူရာရောင် မျက်ဆံနှစ်ခုမှာ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေပြီး ခံစားချက်မရှိ၊ နွေးထွေးမှုမှာလည်း ဗလာနတ္ထိ၊ စိုက်ကြည့်ခံရသူ၏ စိတ်ဝိဉာဉ်ကို ဆွဲထုတ်ယူသွားတော့မည့်နှယ်ပင်။ ချောမွေ့လှသည့် အသားအရေမှာ ငွေမှုန်တစ်လွှာ ဖုံးအုပ်ခံထားရကာ နှင်းစက်အချို့ ကျဆင်းမှုကြောင့် အနည်းငယ် စိုစွတ်နေသည်။ နီရဲနေသော နှုတ်ခမ်းလွှာကို တင်းတင်းစေ့ထားသည့်တိုင် ထိုသည်ကပင် မြင်သူတိုင်းအဖို့ မြည်းစမ်းကြည့်လိုစရာပင်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now