ခြေသံများ ထွက်လာပြီးနောက်တွင် လက်ထဲတွင် ဘရိုကိတ်သေတ္တာလေးကို ကိုင်ထားသည့် ချန်းလီပင်းက ဝင်လာသည်။ သူမက ယဲ့ကျန်းထံသို့ ညင်သာသော အပြုံးနှင့်အတူ လျှောက်လာလေသည်။

"ယောင်ယောင်.. တို့ ပုလဲဆံညှပ်အသစ်နှစ်ခု ရလာတယ်။ ဒီမှာ တို့က မင်းအတွက် ယူလာပေးတာ"

"အိုး.. ဒါပေမဲ့ တို့မှာ ဒီလိုဆံညှပ်တွေ အများကြီးပဲ မင်းဘာသာပဲ သိမ်းထားတာ ကောင်းပါတယ်"

ယဲ့ကျန်းကလည်း တည်ကြည်သောအပြုံးလေးဖြင့် ပြောလိုက်သည်။ ချန်းလီပင်းက သဘောထားကြီးသော လူမျိုးမဟုတ်ချေ။ ဒီနေ့ ဈေးကြီးသော ဆံညှပ်ကို အထူးတလည် ကမ်းလှမ်းလာကတည်းက သူမအား အကူအညီ တောင်းစရာရှိနေ၍ ဖြစ်ရပေမည်။

"ယောင်ယောင် ယောင်ယောင် မနက်ဖြန် တော်ဝင်နန်းတော်ထဲကို ဝင်မှာ မဟုတ်လား ယောင်ယောင်... အခု မစိုးရိမ်နေဘူးလား"

ချန်းလီပင်းက ဘရိုကိတ်သေတ္တာကို စားပွဲပေါ်သို့ တင်ပြီးနောက်တွင် ယဲ့ကျန်းကို စိုက်ကြည့်လာသည်။ ယဲ့ကျန်းက ခေါင်းညိတ်လိုက်သည်။

"တို့အရမ်း စိတ်လှုပ်ရှားနေတာပေါ့ တို့က နန်းတော်ထဲကို တစ်ခါမှ ရောက်ဖူးတာ မဟုတ်ဘူးလေ။ မကြောက်ဘဲ ဘယ်လိုများ နေပါ့မလဲ"

ချန်းလီပင်းကလည်း သူမအား လေးစားစွာ ကြည့်လာသည်။

"တို့လည်း ဝမ်ဖေးကို တွေ့ချင်လိုက်တာ။ ဝမ်ဖေးက အမြဲတမ်း နန်းတော်ထဲမှာ နေနေတာလေ။ တို့လည်း နန်းတော်ထဲကို သွားနိုင်ရင် ကောင်းမှာပဲ"

"အနာဂတ်မှာ အခွင့်အရေး ရှိလာပါလိမ့်မယ်"

ယဲ့ကျန်းက လက်ဖက်ရည်တစ်ငုံသောက်သည်။ သူမ၏မျက်နှာတွင် တည်ငြိမ်သော အပြုံးကသာ ဆက်ရှိနေသည်။ သို့သော် သူမက ဖားလျားစွာဖြင့် လိုက်ခဲ့ရန် မခေါ်ချေ။

"ယောင်ယောင် ယောင်ယောင်က တို့ကို နန်းတော်ထဲကို ခေါ်သွားပေးနိုင်မလား"

ချန်းလီပင်းက သူမကို ကြည့်လာသည်။

သူမက ထိုကိစ္စကို သခင်မကြီးလုအား မမေးရဲသည့်အတွက် လုယောင်ယောင်ထံ လာပြီး ကံလာစမ်းခြင်း ဖြစ်သည်။ လုယောင်ယောင်ဟာ လုမိသားစုဝင်များထဲတွင် သခင်မကြီးလုကို ဖျောင်းဖျပေးနိုင်သော လူတစ်ယောက် ဖြစ်နေသည့်အလျောက် သူမကသာ လုပ်နိုင်လျှင် ချန်းလီပင်းလည်း နန်းတော်အတွင်းသို့ ဝင်နိုင်ပေလိမ့်မည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now