ထိုအကြည့်ကြောင့် သက်ရောက်မခံရသော ယဲ့ကျန်းက သူမ၏အလှည့်ကိုသာ ငြိမ်သက်စွာ စောင့်သည်။ မည်သို့ပင်ဆိုစေ သည်လိုကိစ္စလောက်က သူမ၏မျက်လုံးထဲတွင် မဝင်ချေ။ သူမ သည်နေရာသို့ ရည်ရွယ်ချက်ရှိ ရှိရောက်လာခဲ့ပြီး သူမ၏ရည်ရွယ်ချက်ကသာ သူမ ဂရုအစိုက်ဆုံးအရာ ဖြစ်သည်။

ယဲ့ကျန်းက အင်္ကျီလက်အရှည်ကျဉ်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်အနားစများတွင် လခြမ်းပုံသဏ္ဌာန်ရှိသော သွေးနီရောင်ပန်းထိုးသင်္ကေတများစွာကို ချစ်စဖွယ် ဖန်တီးချုပ်လုပ်ထားသည်။ ခြုံငုံကြည့်လိုက်မည်ဆိုလျှင် ရိုးရှင်းမှုများထဲမှ အရိုးရှင်းဆုံး ဖြစ်နေခဲ့သော်လည်း သူမ၏အလှအပေါ် သက်ရောက်မှုမရှိချေ။

ယဲ့ကျန်းက စွန်းဝမ်အလှည့် ပြီးသွားမည့်အချိန်ကိုစောင့်သည်။ သူမက နောက်တစ်လှည့်ဖြစ်သည်။

စွန်းဝမ်က ပုလွေတီးခတ်ပြသရခြင်းဖြစ်သည်။ သူမတီးခတ်သည့်သံစဉ်က ထူးချွန်ပြောင်မြောက်သည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံး စာမေးပွဲအောင်ရန် အတွက် အဆင့်မီသည်။ ကံကောင်းစွာဖြင့် စွန်းဝမ်က စာပေရေးသားခြင်းစစ်ဆေးပွဲ ပြီးနောက်တွင် အေသုံးလုံး ရရန် သေချာသွားသည်။ သို့သော် ယဲ့ကျန်းကမူ စီတစ်လုံး ရထားသေးသည်။ ဒါက သူမအား အံ့ဩသွားစေလေသည်။

နောက်ဆုံးတွင် ယဲ့ကျန်း၏အလှည့်ရောက်လာသည်။ လူတိုင်းက အသက်ရှူပင် အောင့်ထားမိကြသည်။ ထိုစဉ် တောအုပ်ထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်လာသည်။ ထိုလူရောက်လာခြင်းကို လူတိုင်းက မြင်လိုက်ကြရလေသည်။ အားလုံး၏အကြည့်အောက်တွင် လုရှန်းကျစ်က အခြားတစ်ဖက်ထံသို့ လျှောက်သွားသည်။ သူ၏ခြေလှမ်းများက ပေါ့ပါးနေကာ သူ၏လက်တွင်လည်း ကြီးမားသော ဗုံတစ်လုံးကို သယ်ဆောင်ထားသေးလေသည်။

"ဗုံလား"

မင်းသမီးလျှိုဟွားက မော့ရုန်ရီ၏ညာဘက်အခြမ်းတွင် ရပ်လျက်မှ ရယ်လိုက်သည်။

"အရင်က ဘယ်သူကမှ ဗုံကို တီးခတ်မှုတူရိယာတစ်ခုအဖြစ် မရွေးချယ်ခဲ့ကြဘူး"

သူမက လှောင်ရန်အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ချေ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now