He told me about the sunset

216 12 3
                                    

“ အဆုံးသတ်တွေဟာလည်း လှပနိုင်တယ်ဆိုတာ နေဝင်ချိန်က သက်သေပဲ ညီလေး ... သိလား ”
ဓမ္မရံကြီး ဘုရား‌ပေါ်မှာကမ္ဘာကျော်နေဝင်ချိန်ကို အတူထိုင်ကြည့်နေရင်း အစ်ကိုကပြောခဲ့တယ်။

××××××××××××××××××

“ ညီလေး ဘာဖြစ်လို့လဲ ”
“ ဟုတ် ဘာဖြစ်တာလဲ မသိဘူး၊ Ebike က ထိုးထိုးရပ်သွားတယ် ”
“ ကြည့်ရတာ ဘက်ထရီကုန်သွားတယ်ထင်တယ် ”
“ ဟုတ်မယ်ထင်တယ် ”
အဲဒီလို အခြေအနေတစ်ခုနဲ့ အစ်ကိုနဲ့ ကျနော် ပုဂံမှာ စသိခဲ့ကြတာ။ ကျနော်က ဖုန်းကို ဟိုတယ်မှာ မေ့ကျန်ခဲ့တော့ Ebike ငှားတဲ့ဆီကို အကြောင်းကြားဖို့က အခက်တွေ့နေခဲ့တာ။ အစ်ကိုက သူ့ဖုန်းနဲ့ဆက်ပေးလို့ အဆင်ပြေသွားခဲ့တယ်။
Ebike က Hotel နဲ့မျက်နှာချင်းဆိုင် ဆိုင်ကငှားလာတာ။ အခုရောက်နေတဲ့ နေရာနဲ့ဆို တော်တော်အလှမ်းဝေးလောက်မယ်။  နေကလဲ အင်မတန်ပူနေတာဆိုတော့ အစ်ကိုက သူ့ကားထဲမှာ စောင့်ဖို့ပြောတာနဲ့ ကျနော်တို့ အတူစောင့်ကြတယ်။ ကားအတွင်းပိုင်းဟာ အဲကွန်းလေနဲ့ ပုဂံနွေရာသီ နေ့လယ်ခင်းမှာ စိမ့်စိမ့်လေး အေးနေတယ်။ သူငယ်ချင်းတွေ မပါဘူးလားလို့ အစ်ကိုက မေးတော့ ကျနော် ရုတ်တရက်ဖြေရခက်သွားခဲ့တယ်။ ကျနော့်မှာ သူငယ်ချင်း မရှိဘူး။ အပေါင်းအသင်းပဲရှိတယ်။ ကျနော့်ကို လှမ်းကြည့်လိုက်တိုင်းမှာ အမြဲလိုလို တစ်ကောင်တည်းဖြစ်နေတတ်တဲ့ အထီးကျန်သင်းကွဲ သိုးတစ်ကောင်ကိုမြင်ရသလို မြင်ရမယ်။ အဲတာကြောင့်မို့ပဲ ကျနော်ဟာ တစ်ခဏအတွင်း အစ်ကို့ဆီမှာ အများကြီးပျော်ဝင်သွားခဲ့သလားမပြောတတ်ပါဘူး။ ပုဂံကို ကျနော်တစ်ယောက်တည်းလာခဲ့တာပါလို့ ပြောတော့ အစ်ကို အံ့ဩသွားပုံပဲ။ မိုက်တယ်လို့ ချီးကျူးတယ်။စိတ်ညစ်လို့ ထွက်လာခဲ့တယ်ဆိုတာတော့ အစ်ကို မသိဘူး။ တကယ်တော့ အစ်ကိုလဲ တစ်ယောက်တည်းလာခဲ့တာပါပဲ။ ကျနော့်လို စိတ်ညစ်လို့ရောက်လာခဲ့တာတော့မဟုတ်ဘူးပေါ့။ သူက အလုပ်ကိစ္စနဲ့လာခဲ့တာတဲ့။ ကျနော့်ဘက်က ဘာအလုပ်လဲလို့ မစပ်စုတော့ အစ်ကိုကလဲ ထပ်မပြောပြတော့ဘူး။ ခဏနေတော့ Ebike သမားရောက်လာတယ်။ သူစီးလာတဲ့ Ebike နဲ့ ကျနော့် Ebike ကို လဲပေးမယ်တဲ့။  အစ်ကိုက ကြားဖြတ်ပြီး ကျနော့်ကို အကြံတစ်ခုဝင်ပေးတယ်။
“ ညီ့မှာ ဖုန်းလဲမပါဘူးဆိုတော့ လဲပေးလိုက်တဲ့တစ်စီးကလဲ ပျက်သွားရင် ထပ်ဒုက္ခရောက်နေဦးမယ်။ Ebike ကိုပြန်အပ်လိုက်ပြီး အစ်ကိုနဲ့ လိုက်ခဲ့ချင်လား။ အစ်ကိုကလဲ ကားတစ်စီးနဲ့ ဘုရားတွေအကုန် ပတ်သွားနေတာ ”
ကျနော် တွေဝေသွားခဲ့တယ်။ မလိုက်ဖူးလို့ ငြင်းလိုက်ရမှာ အားနာသွားတာကြောင့်ပါ။  Ebike သမားကိုလဲမျက်နှာပူနေမိတယ်။ နောက်ဆုံးတော့လဲ ဘယ်အရာတွေက တိုက်တွန်းစေ့ဆော်လိုက်လို့လဲမသိ ကျနော် အစ်ကိုနဲ့ လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။ Ebike သမားကို ငှားခတစ်ရက်စာအပြည့်ပေးလိုက်ရင် အားနာစရာသိပ်မလိုတော့တာကြောင့်လဲပါမယ်။ တကယ်တော့ အဲအချက်က ဆင်ခြေသပ်သပ်လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ယောက်ျား‌တွေကို ချစ်သော ယောက်ျားများWhere stories live. Discover now