ခိုင်ရှင်းအမေနှင့်သားဆက်ဆံရေးကို ဖြတ်တောက်ပြီးနောက်တွင် ယွမ့်ယွီက သူ ဆန္ဒရှိသည်အတိုင်း နေနိုင်သွားကာ ယွမ့်ထန်းကိုယ်တိုင်ကလည်း အခြားကိစ္စများကို စိုးရိမ်ရန် မလိုအပ်တော့ချေ။ သူက ဟော်ယွန်ချန်း၊ ကျိုးကျင်းတို့နှင့်အတူ တရားရုံးထဲမှ ထွက်လာလိုက်သည်။  သူက သူ၏ကျေးဇူးတင်မှုကို ဖော်ပြရန်အတွက် တက်ရောက်ပေးသော လူများထံသို့ သွားလိုက်သေးသည်။ ထိုအခါ ထိုသူများအားလုံးက အလွန်အမင်း မာနကြီးကြပြီး ယွမ့်ထန်းကို အထောက်အပံ့ပေးရန် လာရောက်ကြောင်း ဝန်မခံကြချေ။ သူတို့က သည်အတိုင်းအေးစက်စွာသာ ခေါင်းညိတ်လျက် ယွမ့်ထန်းကို ထမင်းစားဖိတ်ခေါ်ရန်ပင် အချိန်မပေးခဲ့ချေ။

“လူကြီးမင်းကျိုး၊ ချန်းကော ကျွန်တော် ဒီအမှုမှာနိုင်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ချင်ပါတယ်၊ ကျွန်တော့်ရဲ့ကျေးဇူးတင်စိတ်ကို ဖော်ပြတဲ့အနေနဲ့ အိမ်မှာ တစ်ဝိုင်းလောက်ပြင်ဆင်ချက်ပြုတ်ပေးချင်ပါတယ်”

သူတို့က တရားရုံးမှ ထွက်လာပြီးသောအခါ ယွမ့်ထန်းက ကျိုးကျင်းနှင့် ဟော်ယွန်ချန်းတို့ကို ဖိတ်ခေါ်လိုက်သည်။ သူက သည်ကိစ္စတွင် ဘာမှပင်မလုပ်ခဲ့ရချေ။ ထိုနှစ်ယောက်ကသာ သူ့အတွက် အရာအားလုံးကို လုပ်သွားပေးခဲ့ပြီး သူ့ကိုယ်သူပင် အရှက်ရမိစေသည်။

“မင်းရဲ့လက်ရာက ထူးခြားပြောင်မြောက်တယ်လို့ ကြားဖူးတာကြာပြီ၊ ဒီနေ့ နောက်ဆုံးတော့ မြည်းစမ်းဖို့ အခွင့်အရေး ရပြီပဲ၊ ကောင်းပြီ ငါက ဝမ်းသာအားရ လက်ခံတာပေါ့”

ကျိုးကျင်းကလည်း အပြုံးနှင့်ဖြေသည်။

“ကောင်းပြီ”

သဘာဝကျကျပင် ဟော်ယွန်ချန်းက ငြင်းစရာမရှိချေ။

“ဒါဆိုရင် ကျွန်တော် အစ်ကိုကြီးဟော်ကို စာပို့လိုက်ပြီး ကျွန်တော်တို့နဲ့အတူ လာစားမလားလို့မေးလိုက်မယ်”

သုံးယောက်လုံးက‌ ဟော်ယွန်ချန်း၏ကားပျံပေါ်သို့ တက်ပြီးသည်နှင့် ယွမ့်ထန်း၏အိမ်သို့ သွားသည်။

သူ၏ကျေးဇူးတင်စိတ်ကို ဖော်ပြအောင်ပွဲခံသည့် အထိမ်းအမှတ် ဖြစ်ကတည်းက ပြင်ဆင်မည့်ဟင်းပွဲက များပြားသင့်လေသည်။ ယွမ့်ထန်းက ဟင်းလျာလေးပွဲနှင့် စွပ်ပြုတ်တစ်ပွဲ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ သူက တုန်းပေါ်ဝက်ပုခုံးသား၊ ပျော်ရွှင်ဖွယ်လေးခုအသားလုံး၊ နှမ်းကြက်ကြော်အစပ်၊ မှိုနှစ်သွယ်ချွိုင်ဆန်းနှင့် ယန်တုရှန်းတို့ကိုပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ အရွက်ဟင်းပွဲမှ လွဲလျှင် ကျန်သောပစ္စည်းများအားလုံးက သေချာပြင်ဆင်ရန် လိုအပ်လေသည်။
ထို့ကြောင့် သူ၏ဧည့်သည်များအားလုံး ကျေနပ်စေရန် မျှော်လင့်ထားသည်။ သူက ပျော်ရွှင်ဖွယ်လေးခု အသားလုံးများကို မဲနှိုက်ပေးရန်လည်း ဆုံးဖြတ်ထားသေးလေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now