ထမင်းရည်ချောင်းစီး မောင်းတီးကျွေးသည့်အလှူ၊ တစ်ရွာလုံးမီးခိုတိတ်သည့်အလှူဆိုသည်ကား ဤအလှူကိုပြောခြင်းဖြစ်ပေလိမ့်မည်။ အကြောင်းမူကား အလုပ်အကိုင်နေ့မှစတင်ကာ တရားနာသည့်နေ့အထိ နှစ်ရက်စလုံးတွင် မနက်အဆာပြေစာသာမက နေ့လည်စာ၊ ညနေစာများပါကျွေးသည့်အတွက်ကြောင့် သရက်ပင်တန်းရွာအပြင် ဘေးရွာများကပါ တကူးတကလာစားကြသဖြင့် တစ်ရွာလုံးမီးခိုးတိတ်ဆိုသည်ထက် တစ်နယ်လုံးမီးခိုးတိတ်ဟုပင် တင်စားနိုင်ပေ၏။
ယခုလည်း ဘေးရွာကဖောက်သည်များသည် မအားသည့်ကြားက တရားနာအမှီလာကြသေး၏။ ဆိုင်ကယ်သမားများဆိုလျှင် ဆာတိုင်းဝင်စားကြသည်အထိပင်။ ထို့ကြောင့် အနည်းဆုံးတစ်နှစ်ကိုတစ်ခါလောက် အလှူပေးနိုင်ရမည်ဟုတေးမှတ်ထားလိုက်သည်။
ကြိတ်ကြိတ်တိုးလာစားကြသောလူများသည် ၁၂ ထိုးပြီးချိန်၌ တော်တော်ပါးသွား၏။ ကျန်သောလူဆို၍ အထက်တန်းကျောင်းသား၊ ကျောင်းသူလေးများသာရှိ၏။ ထိုကလေးများအားလုံးသည် ရှိန်းခေတ်ဆိုင်၏ပင်တိုင်ဖောက်သည်ကြီးများဖြစ်၏။ ယခုကဲ့သို့ ရှက်ရွံ့ခြင်းမရှိဘဲ လာစားကြသဖြင့် အင်မတန်ဝမ်းသာပီတိဖြစ်ရပါ၏။
ရှိန်းခေတ် ပြုံးကာကြည့်နေမိစဉ် ထိုကလေးများသည် ပန်းကန်ကိုယ်စီကိုင်၍ ဆေးမည့်နေရာကိုသွားနေကြ၏။ ထို့ကြောင့် ရှိန်းခေတ်လည်း ခပ်မြန်မြန်သွားလိုက်ပြီး….။
“တော်ပြီလားညီလေးတို့ရဲ့၊ ထပ်ယူစားကြဦးလေ၊ ရော့ နည်းနည်းလောက်ထပ်ထည့်ကြဦး”
“တော်ပြီကိုကြီးရှိန်းခေတ်ရေ….သားတို့စားထားတာ မနည်းတော့ဘူးဗျ၊ သားဆို သုံးပန်းကန်တောင်စားထားတာဗျ”
“ဟုတ်တယ်ကိုကြီးရေ…ငါးနှပ်ကရှယ်ပဲ၊ ငါးပိချက်နဲ့ ၁၂ မျိုးဟင်းချိုကလဲ အလန်းဆိုတော့ တော်တောင်မတော်ချင်ဘူးကိုကြီးရေ….ထပ်စားရင်ဗိုက်ကွဲတော့မှာဆိုးလို့ တော်လိုက်ရတယ်ဗျာ”
“ဟုတ်ပါ့ ဟုတ်ပါ့”
အားတက်သရောပြောနေကြသည့်ကလေးများကိုကြည့်ပြီး ကြည်နူးမှုကပြောမပြတတ်အောင်ပင်ဖြစ်နေ၏။ ယခုလို ကိုယ်လှူသည့်စားသောက်ဖွယ်ရာများကို အားပါးတရစားကြသည့်အပြင် ခံတွင်းမြိန်ကြသည်ဟုကြားရသည်မှာ အင်မတန်မှစိတ်ချမ်းသာစရာကောင်းလှပေသည်။
YOU ARE READING
အချစ် + မေတ္တာ = .......( အခ်စ္ + ေမတၱာ = ....... )(Completed)
Non-Fictionရှိန်းခေတ်သာချိုတစ်ယောက် ဒုတိယနှစ်ဝက်စာမေးပွဲကြီးဖြေဆိုပြီး၍ အိမ်ပြန်ရောက်ချိန်၌ မထင်မှတ်ဘဲ လောကဓံ၏ရိုက်ချက်ကိုခံလိုက်ရသဖြင့် ရှိန်းခေတ်၏ဘဝသည် တစ်ဆစ်ချိုးပြောင်းလဲလာရတော့သည်။ ထိုသို့ပြောင်းလဲခြင်းကား ကံကောင်းခြင်းပေလော၊ ကံဆိုးခြင်းပေလော......။ ရွိန္...
အချပ်ပို ( ၃ )
Start from the beginning