Taehyung တို့ ဆိုလ်းအကျဉ်းထောင်ကို ရောက်နေပြီ ဖြစ်သည်။
Jungkook တို့ သုံးယောက်က စိတ်နှလုံး လှုပ်ရှားလျက် သူတို့ သခင်ကို လိုက်ရှာနေကြ၏။
ထောင်မှူးက ဧည့်တွေ့ခန်းမှာ တစ်ခဏ စောင့်နေခိုင်းသည်မို့ Taehyung တို့ စောင့်နေလိုက်ကြသည်။
ခဏကြာမှ အညိုရောင် ဝတ်စုံနဲ့ Julian ရောက်လာတော့သည်။
ထောင်မှူးနဲ့ Taehyung က အနည်းငယ် ရင်းနှီးသည်မို့ ဧည့်တွေ့ချိန်ကို အကူအညီတောင်းကာ အနည်းငယ် ပိုတောင်းထားလိုက်သည်။
ထောင်မှူးလည်း ထွက်သွားရော Jungkook က မှန်ချပ်ကလေးသာ ကာထားသည့် အကာအရံအနား အပြေးရောက်လာပြီး သူ့သခင်ကို စကားလှမ်းပြောတော့သည်။
"ဒါက ကျွန်တော့်ကြောင့် ဖြစ်ရတာပါ။ ကျွန်တော် တောင်းပန်ဖို့တောင် မသင့်တော်ပေမယ့် တောင်းပန်ပါတယ် သခင်ရယ်... ကျွန်တော် ဘယ်လို ကူညီရင် သခင်ပြန်လွတ်နိုင်မလဲဟင်။ သခင့်ကို ဒီလိုပုံစံနဲ့ မကြည့်ရက်ဘူး"
မျက်နှာကလေး ညှိုးငယ်စွာ ခပ်ဖျော့ဖျော့ အသံကလေးဖြင့် တောင်းပန်နေရှာသည့် Jungkook ကြောင့် Julian စိတ်ထဲ နင့်ခနဲ ဖြစ်သွားရသည်။
အနောက်ဘက်မှ Lucas နဲ့ Jack ကလည်း မျက်ဝန်းရွှဲကြီးတွေဖြင့် ငေးမောကြည့်နေကြ၏။
ဘယ်လိုပဲ ဂိုဏ်းသားတွေ၊ လူသတ်ရသည့် သန်သန်မာမာ လူထွားကြီးတွေ ဖြစ်နေပါစေ... သူ့ကလေး လေးတွေက သိပ်ကို စိတ်နုသေးသည့် အရွယ်ကလေးသာ ရှိသေး၏။
သူ့ကို အရည်လဲ့နေသည့် မျက်ဝန်းလေးတွေဖြင့် ညှိုးငယ်စွာ ကြည့်နေသည့် ကောင်လေး သုံးယောက်ကြောင့် Julian တစ်ချက် ပြုံးလိုက်မိသည်။
"မင်းတို့ကွာ ယောက်ျားလေးတွေဖြစ်ပြီး ဒီလောက်ထိ အားပျော့ရသလား... မင်းတို့ သခင်ကို မျက်နှာပျက်ရအောင် သိပ်လုပ်တာပဲ"
ဘာရယ်မဟုတ် ရယ်မောကာ ပြောလိုက်မိသော်လည်း တင်းခံထားဆဲ Lucas က မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။
"သခင်က ကျွန်တော်တို့ကြောင့် ဒီလိုဖြစ်ရတော့ စိတ်မကောင်းဖြစ်မိတယ်"