အဝတ်အစားသိပ်မဝယ်ဖြစ်သော ချမ်းသူအတွက် ဗီဒိုထဲတွင် ဂျူတီကုတ်တစ်ချို့နဲ့ အဝတ်အစားတစ်ချို့မှလွဲ၍ ဘာမှရှိမနေ။ ဒါကိုပဲ အားရအောင်မွှေနှောက်ပြီးနောက် အဖြူရောင် စွပ်ကျယ်တစ်ထည်ကိုတွေ့သွားသည်နှင့် စွပ်ကျယ်အား အလည်တည့်တည့်မှကိုင်ကာ နှစ်ခြမ်းဖြစ်သွားအောင် ဆွဲဖြဲလိုက်၏။

"ဗြိ..."

ရှည်မျောမျောအပိုင်းအစလေးဖြစ်သွားသော စွပ်ကျယ်အစကို ကိုင်ကာ ခါးတွင်ရှိနေသော ချုပ်ရိုးနေရာအား ဖုံးအုပ်လျက် ပတ်တီးလိပ်လို ခန္ဓာကိုယ်အား ရစ်ပတ်ချည်နှောင်နေ၏။

ဆရာဝန်တစ်ယောက်ရဲ့အိမ်မှာ ပတ်တီးလိပ်အစား စွပ်ကျယ်သုံးပြီး ဒဏ်ရာကိုစည်းနေသော ထိုလူသားကိုကြည့်ရင်း ချမ်းသူ ခေါင်းခါမိတော့သည်။

"အဲ့လိုပြီးစလွယ်လုပ်လို့မရဘူးလေ။ ဒဏ်ရာဆိုတာ ဆေးထည့်ပြီး ပိုးသတ်ပြီးမှ ပတ်တီးစည်းရမယ်လေ။ ဒီလို တွေ့ကရာနဲ့ကောက်စည်းနေရင် အကုန် မေးခိုင်ပိုးတွေဝင်ကုန်မှာပေါ့"

လရောင်ခကတော့ ချမ်းသူကို ရှိတယ်လို့တောင်မထင်။ လှည့်တောင်မကြည့်ချေ။ လုပ်လက်စ ပတ်တီးစည်းခြင်းကို အပြီးသတ်ပြီး အပေါ်မှ ဂျာကင်အင်္ကျီအား ထပ်ဝတ်လိုက်ကာ အခန်းထဲမှ ထွက်ရန်ပြင်နေ၏။

ထိုအခါမှ ချမ်းသူ လရောင်ခရဲ့ လက်မောင်းအား မိမိရရ ဆုပ်ကိုင်ဖမ်းဆွဲထားလိုက်တော့မှ စူးရဲတဲ့ မျက်ဝန်းတွေနဲ့ ချမ်းသူအား သေချာစိုက်ကြည့်လာ၏။

"ဘာလဲ ဒေါက်တာ"

"ကိုယ် ပြောနေတယ်လေ။ ဒဏ်ရာကို ဆေးသေချာထည့်ပြီးမှ ဆေးပတ်တီးနဲ့ သေချာစည်း..."

"မလိုဘူး"

ထိုစကားလုံး သုံးလုံးသာ ပြောပြီး ဆွဲထားတဲ့လက်ကို ခါချလိုက်သော လရောင်ခကြောင့် ချမ်းသူ ချက်ချင်းပင် ဂျာကင်အင်္ကျီအား လှမ်းဆွဲထားလိုက်၏။

"ဒါက ဘယ်သွားမလို့လဲ"

"ကိုယ်ဘယ်သွားသွား ဒေါက်တာနဲ့ ဘာဆိုင်လဲ"

"အရင်တစ်ခါက ကံကောင်းလို့မသေတာ။ အဲ့တာကို သွေးတိုးစမ်းပြီး နောက်ထပ် မိုက်ရူးရဲမဆန်ချင်စမ်းနဲ့။ အခုချိန် မင်းလုပ်သင့်တာက အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေး အနားယူနေဖို့ပဲ"

မျက်တော်ပြေ Where stories live. Discover now