ဝမ်ခွန်းကလည်း ယွမ့်ထန်း၏မူလနေရာကို ရှာတွေ့ထားသည်။ သို့သော် ထိုအိမ်ကို ဖခင်ဖြစ်သူက ချန်ထားရစ်ခဲ့သည့်တိုင်အောင် ခိုင်ရှင်းက ရောင်းစားလိုက်ပြီဖြစ်သည်။ လက်ရှိအခါတွင် အခြားတစ်ယောက်က နေနေသည်။ သို့သော် ထိုလူကလည်း ယခင်အိမ်နီးချင်းတစ်ယောက်ဖြစ်နေသည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က ယွမ့်ထန်းက ဆေးရုံစရိတ်အတွက် စတင်ရှာဖွေနိုင်ခဲ့သောအခါ ခိုင်ရှင်းက နေထိုင်သောဝန်းကျင်ကိုပင် ပြောင်းသွားကာ ယခင်က ဆင်းရဲသောသူများနှင့် မပတ်သက်ချင်တော့သလိုမျိုး ခပ်ကင်းကင်းနေခဲ့သည်။ သို့သော် ထိုမတိုင်ခင်ကဆိုလျှင် သူတို့က ဆယ်နှစ်ကျော် အတူနေခဲ့ကြပြီးဖြစ်လေရာ အိမ်နီးချင်းအများစုကလည်း ထိုနေရာတွင် ဆက်နေကြသေးသည့်အတွက် ဝမ်ခွန်းက အခြေအနေကို သွားရောက်စုံစမ်းသည်နှင့် အားလုံးကိုသိခဲ့ရသည်။ ခိုင်ရှင်းက အတန်ငယ်ကျော်ကြားသည်။ မိသားစုတိုင်းနီးပါးက သူမကိုသိကြသည်။ သို့သော် ကောင်းသောကျော်ကြားခြင်းမျိုး မဟုတ်ပေ။

သူက ဟော်ယွန်ချန်းထံသို့ ဗီဒီယိုတစ်ခုကိုပို့ပေးလာပြီး ဟော်ယွန်ချန်းနှင့် ယွမ့်ထန်းတို့က အနောက်ခုံတွင်ထိုင်လျက် ကြည့်ကြသည်။ ဗီဒီယိုထဲတွင် အိမ်နီးချင်းအများစုက ယွမ့်ထန်း၏မိသားစုအခြေအနေကို ရှင်းပြကြသည်။ သူတို့၏လေသံအရ သူတို့က ယွမ့်ထန်းကို အလွန် အထင်သေးကြသည်။ ဝမ်ခွန်းက မေးမြန်းသော အကြောင်းအရာကို ကြားသောအခါ သူတို့က ချက်ချင်းဆိုသလို အမူအရာများ ပြောင်းလဲသွားလျက် မေးလာတော့သည်။

“မင်းက သူမကို စိတ်ဝင်စားတာလား”

ဝမ်ခွန်းကဖြေသည်။
“ကျွန်တော်က သူမနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး၊ ကျွန်တော်က သူမရဲ့သား ယွမ့်ထန်းနဲ့မိတ်ဆွေပါ”

“ဪ..”

အိမ်နီးချင်းက သူ့အား အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်ပြီးနောက်တွင် သူ၏ဖြောင့်မတ်မှန်ကန်သော အမူအရာကို သတိထားမိလိုက်ကာ လူဆိုး မဖြစ်နိုင်ကြောင်း သေချာသွားသည့်အတွက် ပြောလာသည်။

“အဲဒီခွေးမခိုင်ရှင်းက ဘယ်လောက် မုန်းဖို့ကောင်းတဲ့ကိစ္စတွေ လုပ်ထားသလဲဆိုတာသိလား”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now