ကြယ်ဆိပ်ကမ်းထဲမှ ထွက်လိုက်ပြီးနောက်တွင် ယွမ့်ထန်းက အပြင်ဘက်တွင် ပါကင်ထိုးထားသည့် မီးခိုးရောင်ကားပျံကို မြင်လိုက်ရသည်။ အတွင်းမှ ဟော်ယွန်ချန်းရှိရာဘက်သို့ အရပ်မြင့်မြင့်နှင့် သက်လတ်ပိုင်းလူတစ်ယောက်က လက်ရမ်းပြနေခဲ့သည်။ သူက သာမန်ဝတ်စုံကို ဝတ်ထားသော်လည်း အလွန်အရပ်ရှည်ပြီး သူ၏ဟန်အမူအရာကြောင့် သူကလည်း စစ်တပ်ထဲမှဖြစ်ကြောင်း သိလိုက်ရသည်။

“ဦးလေးခွန်း”

ဟော်ယွန်ချန်းက အနားသို့ ချဉ်းကပ်သွားပြီးနောက်တွင် သက်လတ်ပိုင်းလူကို နှုတ်ဆက်လိုက်သည်။

“ဒါက ယွမ့်ထန်းပါ”

ဝမ်ခွန်းက ခေါင်းညိတ်သည်။
“ဟယ်လို လူကြီးမင်းယွမ့်”

“ဦးလေးခွန်း မင်္ဂလာပါ”

ယွမ့်ထန်းက တစ်ဖက်လူကို မည်သို့နှုတ်ဆက်ရမည်ဖြစ်ကြောင်း မသိသော်လည်း ဟော်ယွန်ချန်းကို တုပကာ နှုတ်ဆက်လိုက်သည်။

“ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ”

သုံးယောက်လုံးက ကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ကြသည်။ ကားက ဟော်ယွန်ချန်း၏ကိုယ်ပိုင်ကားပျံနှင့် နှိုင်းယှဉ်သော် အတန်ငယ် သေးနေပြန်သည်။ အတွင်းရှိနေရာ ကျဉ်းမြောင်းသည်။ ပျံသန်းနိုင်သည့်တိုင်အောင် အရှိန်ကလည်း နှေးပြန်သည်။ ပုံမှန်အားဖြင့် ယခင်ခေတ်မှ ဈေးပေါသော တစ်ပတ်ရစ်ကားများကဲ့သို့ဖြစ်နေသည်။

“မင်းပြောထားတာတွေအားလုံး ငါ လုပ်ပြီးသွားပြီ၊ ငါတို့တွေ သတင်း အများအပြားလည်း ရှာတွေ့ထားတယ်”

ဝမ်ခွန်းနှင့်ကျန်းဖန်းတို့က ဟော်ယွန်ချန်း၏လက်အောက်မှ ရှေ့ပြေးအထောက်များဖြစ်ကြသည်။

သူတို့က ရုပ်ပိုင်းဆိုင်ရာအကြောင်းများကြောင့် အနားယူခဲ့ကြသော်လည်း သူတို့၏လုပ်နိုင်စွမ်းအား ပြတ်လပ်ခြင်းမရှိခဲ့ကြချေ။ ထို့ကြောင့် သူတို့အနေဖြင့် သတင်းအချက်အလက်များကို စုဆောင်းရန်အတွက် အလွန်သင့်တော်သည်။ ဝေ့ကျိုးက ဗီဒီယိုကို တင်လိုက်သည့်နေ့တွင် ဝမ်ခွန်းက သည်နေရာသို့ ထွက်ခွာလာနှင့်ပြီးဖြစ်သည်။ သူတို့က ဟော်ယွန်ချန်းထက် တစ်နေ့သာလျှင် ကြိုစောရောက်နေသည့်တိုင်အောင် ကိစ္စပေါင်းအမြောက်အများကို ကြားထားပြီးဖြစ်သည်။
သည်နေရာတွင် ပိုက်ဆံဖြုန်းရုံသာဆန္ဒရှိလျှင် မည်သည့်အရာကိုမဆို လျှို့ဝှက်ချက်မရှိဘဲ သိနိုင်လေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now