Part 22 ( Unicode )

412 44 5
                                    

ဒိုရာဘယ်လိုမှမတတ်နိုင်တဲ့အဆုံး ကိုကိုမသိအောင်ဖွက်ထားတဲ့ ဖုန်းလေးကိုယူကာ နံပါတ်တစ်ခုကိုဆက်လိုက်သည်။

ဒီနံပါတ်ကိုခေါ်ရင်ဟိုဖက်ကဖုန်းချက်ချင်းကိုင်မယ်ဆိုတာ ဒိုရာသိပါသည်။ ဘာကြောင့်လဲဆို ခေါ်တဲ့လူကဒိုရာ တစ်ဖက်က ဖုန်းကိုင်မယ့်သူက ဦးလေ။ ဦးမပြောရင်တောင်သိနေတာ ဦးကဒိုရာ့ဖုန်းကိုမျှော်နေတယ်ဆိုတာပဲ။

ဒိုရာပထမဦးဆုံးအကြိမ် ဦးနဲ့စကားပြောရမှာတွန့်ဆုတ်နေမိသည်။ တွန့်ဆုတ်တာထပ် ဒိုရာ့စိတ်ထဲ ဦးကိုသနားမိနေတာ ၊ အားနာမိနေတာဖြစ်သည်။ ဦးကိုဒီလောက်နှစ်တွေကြာသွားမှ ပထမဦးဆုံးအကြိမ်ဖုန်းခေါ်တာကို ဒိုရာ ပြောမယ့်အကြောင်းတွေက ဦးအတွက်ဝမ်းနည်းစရာသတင်းတွေလေ။

တကယ်ဆို ဒိုရာလဲ ဦးကို ဒီအတောအတွင်း လွှမ်းနေခဲ့ရတဲ့အကြောင်း‌‌‌‌တွေ ဒိုရာလိမ်လိမ်လိမ်မာမာနေနေတယ်ဆိုတဲ့အကြောင်းတွေပြောချင်တာပေါ့။ သို့ပေမယ့်လည်း ဒိုရာ့မှာ ကိုကိုအိမ်မှာမရှိတုန်း ဦးကိုဖုန်းခိုးဆက်ရတာမဟုတ်လား။

အခုချိန်ထိ ဒိုရာ့နားထဲ မသက်မှူးပြောတဲ့အကြောင်း‌အရာတွေ ထပ်ခါထပ်ခါပြန်ကြားနေရတုန်း။ မသက်မှူးပြောသလို ဒိုရာက မသက်မှူးဆီကရော ကိုကို့ဆီကရော ဦးဆီကရော အရာအားလုံးလုယူခဲ့မိတာအမှန်ပဲဆိုရင် ဒိုရာ အားနာမိတဲ့သူက ဦးတစ်ယောက်ထဲကိုပဲဖြစ်လိမ့်မည်။

ဦးအပေါ်မှာဒိုရာဆိုးခဲ့တာမှန်သည်။ ဒါကိုဒိုရာလဲသိသည်။ သို့ပေမယ့် ဒိုရာ့ကြောင့် ဦးရဲ့အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ ငွေကြေးတွေဆုံးရှုံးလိမ့်မည်မထင်လို့ ဆိုးမိုက်ခဲ့မိခြင်းသာ။ ဒိုရာငယ်ငယ်တုန်းက ဒို့ရာ့မှာတွယ်စရာဆိုလို့ ဦးပဲရှိခဲ့တာ။ ဦးကိုအမြဲ ဒိုရာ့နားရှိနေစေချင်လို့ ချွဲခဲ့မိတာ ၊ ဦးကိုအိမ်ပေးမပြန်တာ ၊ နေမကောင်းလို့ဆိုပြီး ဦးမှဦး ဒိုရာ့အနားလာရကောင်းစေဆိုပြီး လုပ်မိခဲ့တဲ့ အပြုအမှုတွေက ဦးနှစ်နာပါစေတော့ဆိုတဲ့စိတ်မရှိပါဘူး။ ဒါဟာမှန်သောစကားပါ။

ဦး ဒိုရာ့ကိုအချိန်ပေးလို့ သူ့မိသားစုကိုအချိန်လုံလုံလောက်လောက်‌မပေးနိုင်တော့တာကိုတော့ ဒိုရာရိပ်မိခဲ့သည်။ သို့ပေမယ့်လဲ ဒိုရာဆက်မိုက်ခဲ့မိသည်။ ဒါက ဦးအပေါ်ထားတဲ့ ဒိုရာ့ရဲ့ အတ္တလို့ပဲပြောရမည်။ ဒါကြောင့်လဲ ဦးကိုအမြဲအားနာတဲ့စိတ်နဲ့နေနေရသည်။ အမြဲတမ်းလဲ ဒီလိုပဲနေဖြစ်သွားမှာပါ။

ᴅᴏʀᴀWhere stories live. Discover now