အပိုင်း (၃၃)

Start from the beginning
                                    

" နင့်မလဲ ဖြည်းဖြည်းရယ်ပါ၊ ထနောင်းပင်ကြီးတောင် ပြိုကျတော့မယ်"

ဘယ်စကားဝိုင်းမဆို သဒ္ဒါတို့၏ တစ်ယောက်နဲ့ တစ်ယောက် ဦးသူဖဲ့နေတာမပါလျှင် မပြည့်စုံဟု စဝေယံမိုး တွေးမိလေသည်။

" အစ်ကိုကရော မနှစ်က သင်္ကြန်မှာ ဘာလုပ်လဲ"

စဝေသည် သက်ဝေအောင်ကိုကြည့်ကာမေးလိုက်ပေမဲ့ အဖြေပေးသူကတော့ သဒ္ဒါ။

" အမယ်လေး ငါတို့ မနှစ်က ဟိုးဘက် တနိုင်းဘက်မှာ ဟုတ်တယ်နော သက်ဝေအောင်"

" အင်း ဟုတ်တယ်"

သဒ္ဒါ့ကိုခေါင်းငြိမ့်​ပြန်ပြောပြီး စဝေဘက်သို့မျက်နှာလှည့်ကာ စကားဆက်တော့သည်။

" မနှစ်က ပွဲကသွားတာတော့မဟုတ်ဘူး ညီရဲ့၊ ဒီတိုင်း ဇာတ်က အချို့ကိုပဲငှားတာ။ သီချင်းဆိုဖို့လေ။ တနိုင်းမဏ္ဍပ်မှာ ၅ရက်လုံး နေခဲ့ရတယ်"

" တနိုင်းဆိုတာက ဘယ်ဘက်လဲ အစ်ကို"

" မြစ်ကြီးနာဘက် ညီရဲ့၊ ညီ ပယင်းကိုသိတယ်မလား"

" အင်း သိတယ်၊ အစ်ကိုဆွဲထားတဲ့ ဆင်စွယ်လည်ဆွဲက ပယင်းမလား"

သက်ဝေအောင်၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ဆင်စွယ်သဏ္ဍာန် ပယင်းဆွဲကြိုးအား စဝေ လက်ညိုးထိုးပြလိုက်သည်။

" ဟုတ်တာပေါ့၊ ဒီပယင်းတွေက တနိုင်းကအဓိကထွက်တာလေညီရဲ့၊ အဲဒီမှာဆို ပယင်းစျေး ဆိုပြီး စျေးတန်းကြီးရှိတယ်။ အစ်ကို့ဒီလည်ဆွဲလေးက အဲဒီမှာ နှစ်သောင်းလားပဲပေးရတာ၊ မန္တလေးမှာသွားဝယ်ကြည့်...တစ်သိန်းကျော်တယ်"

" ဘုရား...ဘာလို့အဲလောက် စျေးတက်သွားတာလဲ"

" သွားလာခထည့်ယူကြတယ်ထင်ပါ့ညီရယ်၊ တနိုင်းဆိုတာ ဟိုးအထက် ကချင်ပြည်နယ်ဘက်လေ၊ ခရီးဝေးလည်းဖြစ်တော့ သိပ်သွားလေ့သွားထမရှိဘူးလေ"

" ရောက်ဖူးချင်လိုက်တာ၊ သင်္ကြန်သွားတာဆိုတော့ ပျော်စရာကြီးနေမှာနော်"

"ပျော်ရလားဆို အဲလိုတော့ ရေရေရာရာမရှိပါဘူးညီရယ်၊ သီချင်းဆိုတယ်၊ ရေတွေစိုတယ်၊ အိပ်တယ်။ အဲဒီလိုပဲကုန်ဆုံးသွားတာ။ အော် အဲအချိန်တုန်းက ဒီလိုလဲ မချူချာသေးတော့ ဒန်စာ (dancer) တွေနဲ့ရှယ်ကခဲ့တာပေါ့"

ရေလိုအေးတဲ့ နွေလေးတစ်နွေ (ရေလိုအေးတဲ့ နွေလေးတစ်နွေ)Where stories live. Discover now