"ဘခ်ဟျွန်း"

"ထပါဦးကွာ"

တုံ့ပြန်သံမရှိချေ။

ချန်းယောလ်လက်ထဲက ဘခ်ဟျွန်းအားအရုပ်လေးတစ်ရုပ်နှယ် ရင်ဘတ်ထဲဆွဲပွေ့မိရင်း ဘခ်ဟျွန်းလည်ဂုပ်ထက် ခေါင်းငုံ့ချမိလိုက်သည်။ ပါးချင်းအပ်ကာ စမ်းကြည့်မိတော့ ခပ်နွေးနွေးကိုယ်ငွေ့ဟာ ရှိနေဆဲ။ သို့နှင့် ချန်းယောလ်စွမ်းအားကို အလျင်အမြန်ထုတ်ရင်း ဘခ်ဟျွန်းခန္ဓာကိုယ်ထဲ ထည့်သွင်းပေးမိသည်။ သို့တိုင် မျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်သည့်အလား၊ ထိုစွမ်းအားတို့ကို ဘခ်ဟျွန်းခန္ဓာကိုယ်သည် စုပ်ယူသွားခြင်းမရှိ။ ဘေးသို့သာလျှံကျကုန်၏။

ချန်းယောလ်သည် လက်မလျှော့သေး။ ဘခ်ဟျွန်း၏လှုပ်ရှားမှုမရှိသော လက်ဖဝါးသွယ်သွယ်လေးများကို ဆုပ်ကိုင်ရင်းအသာပွတ်သပ်ပေးမိပြန်သည်။ နွေးထွေးသောကိုယ်ငွေ့ဟာ ရုတ်ချည်းပျောက်ဆုံးသွားပြီး အေးစက်သွားမည်ကို စိုးရိမ်တကြီး ဖြစ်နေရသကဲ့သို့။

"ချန်းယောလ်"

အနောက်ပါးမှ ဆယ်ဟွန်း၏သတိပေးသကဲ့သို့ အသံဟာထွက်လာသည်။

"မဟုတ်ဘူး ဆယ်ဟွန်း။ ငါသိတယ် ဘခ်ဟျွန်းက ငါ့ကိုဒီလိုမနှုတ်ဆက်ဘဲ ထားသွားမယ့်ကလေးမဟုတ်ဘူး တစ်ခုခုမှားနေပြီ"

"ချန်းယောလ် မင်းစွမ်းအားတွေ"

ဆယ်ဟွန်းသည် ချန်းယောလ်၏သတိပေးချက်မြည်သော အကြည့်အောက်တွင် စကားကိုအဆုံးမသတ်လာနိုင်တော့ဘဲ အကြည့်ကိုသာလွှဲသွား၏။ ဆယ်ဟွန်း၏အကြည့်များက နာကျင်ရိပ်သန်းနေသလို။ ချန်းယောလ်နားမလည်နိုင်။ သူဘခ်ဟျွန်းအကြောင်းကောင်းကောင်းသိသည်။ သူလိမ်လည်ပြောဆိုနေတာ မဟုတ်ပါချေ။ ဘခ်ဟျွန်းသည် ထိုသို့အသိပေးချက်မရှိဘဲ သူ့ကိုထားသွားမည်မဟုတ်ပေ။ ထို့အတူ သူကလည်းထိုသို့ဖြစ်ခွင့်ပြုမည်မဟုတ်။

လက်ဖဝါးနှစ်ဖက်အား ဆုပ်ကိုင်ပေးနေရင်း ရုတ်ချည်းသတိထားမိလိုက်သော လှုပ်ရှားမှုတစ်ခုကြောင့် ချန်းယောလ်အပြုအမူများ ရပ်တန့်ကုန်၏။ ဘခ်ဟျွန်းလက်များသည် လှုပ်ရှားသက်ဝင်ခြင်း ကင်းမဲ့နေဆဲဆိုသော်ငြား ချန်းယောလ်သတိထားမိလိုက်သည်ကား မမှားနိုင်ချေ။ သူလျပ်တပြတ်ရှပ်ထိမိလိုက်သော လက်ကောက်ဝတ်ကနေ သွေးခုန်လှုပ်မှုကို ခံစားမိလိုက်သည်။

The LOEYWhere stories live. Discover now