ဆက်မေးလာတဲ့ မေးခွန်းတွေကို ပါးစပ်ထဲတွေ့ရာဖြေရင်း ဘေးနားက ယှဥ်လျှောက်နေသော အလှတပါးကို မျက်စိအရသာခံကာ ကြည့်မိသည်။ 

နံသာရောင် လည်ကတုံးအင်္ကျီကို အဝါနဲ့အညိုအကွက်ကြားပုဆိုးလေးနဲ့ ချပ်ချပ်ရပ်ရပ်တွဲဝတ်ထားသော ထိုလူက လူအများရဲ့အာရုံကိုဖမ်းစားနိူင်တာ မထူးဆန်းတော့ပေ။

စိမ်းညို့နေသောမျက်ခုံးများကိုကျုံ၍ စိုက်ကြည့်ခံလိုက်ရတဲ့အချိန်တုန်းက အသက်ရှူများပင် ရပ်သွားမိတော့မလို့ နည်းနည်းသာလိုတော့သည်။ 

ခြောက်ပေနီးပါးရှိတဲ့အရပ်အပြင် ပြေပြစ်သွယ်လျသော ခန္ဓာကိုယ်အချိုးအစား၊ မျက်နှာအနေအထားတို့ကြောင့် ပတ်ဝန်းကျင်မှာ တစ်စင်းတည်းထွန်းလင်းနေသော လမင်းကဲ့သို တောက်ပလွန်းလှသည်။

"ခင်​ဗျားက ဘယ်မေဂျာကလည်း..."

"တတိယနှစ် သင်္ချာက"

"ဝိုး..."

သင်္ချာချင်းထပ်တော့ မြတ်တာပေါ့။ အသွင်တူလို့ အိမ်သူဖြစ်တယ်ဆိုတဲ့စကားပုံက အလကားထားတာမှ မဟုတ်တာ။ အခုတော့ အိမ်သူမဟုတ်ဘဲ အိမ်သားပေါ့။ဟိဟိ။

"ပြည်သာ... ငါ ဒီမှာ"

အဆောင်ထဲတောင် မဝင်ရသေး လျှောက်လမ်းကနေကြိုနေသောဇော်ထက်ကို မမြင်ချင်ယောင်ဆောင်ဖို့က နောက်ကျသွားလေပြီ။ 

လျှောက်နေသော ခြေလှမ်းများကိုရပ်ကာ သူနဲ့ဇော်ထက်ကို ခပ်စူးစူးစိုက်ကြည့်နေသော ဘေးကလူအား ဟဲခနဲ တစ်ချက်ရယ်ပြလိုက်သည်။

"အဲ့တာ မင်းသူငယ်ချင်းမို့လား... သူနဲ့လိုက်သွား"

"သူကလည်း အခန်းမသိသေးဘူးတဲ့... ဟိတ်ယောင် ဇော်ထက် ပြောလိုက်လေ"

"ငါ သိတယ်လေကွာ..."

ထိုစကားထွက်လာမှာစိုး၍ ရှေ့ကနေပိတ်ပြောလိုက်သော်လည်း မိချောင်းမသားက လျှာရှည်စွာပင် ထွက်ဖြစ်အောင် ထွက်လာလိုက်သေးသည်။

"ဟင်း ဟင်း... မင်းသိတယ်ဆိုတာ မသိဘူးလို့ ပြောတာမလား... ဒီက အစ်ကိုက ငါတို့မေဂျာရဲ့စီနီယာကြီးကွ မိတ်ဖြစ်ဆွေဖြစ်လေး အခန်းကူရှာပေးမလို့တဲ့"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Kde žijí příběhy. Začni objevovat