အများအားဖြင့် အိမ်မှာဆိုလျှင် ဝမ်းရှုလီက အိမ်တွင်းစီးဖိနပ်သာစီးလေ့ရှိသည်။ သူမအမေက အပြင်မထွက်သော်လည်း ဝမ်းရှုလီတွင် ဖိနပ်ဗီရို၌ ကောင်းစွာသိမ်းဆည်းထားသော အပြင်စီးဖိနပ်အချို့ ရှိနေတုန်းပဲ။ ရှန့်နွမ် အရှေ့တံခါးဆီသို့ အလျင်အမြန်ပြေးသွားပြီး ဘေးနားက ဖိနပ်ဗီရိုကို ဖွင့်ကြည့်လိုက်၏။ ဝမ်းရှုလီဖိနပ်အားလုံးမှာ နေရာတွင်ရှိနေမြဲဖြစ်ကြောင်း တွေ့ရသည်။

အမေက အိမ်တွင်းစီးဖိနပ်နဲ့ အပြင်ထွက်သွားတာလား?

ရှန့်နွမ် အခန်းအားလုံးကို တစ်ဖန်လှည့်ပတ်ကြည့်ပြန်သည်။ သူတို့အိမ်ကျဉ်းကျဉ်းလေးမှာ အခန်းလေးခန်းသာရှိသဖြင့် ပုန်းစရာနေရာမရှိ။

ယခုတွင် ရှန့်နွမ်မှာ အမှန်တကယ်ထိတ်လန့်လာရပြီ။ တစ်နေ့နေ့တွင် ဝမ်းရှုလီက ဤအိမ်ထဲမှအပြင်ထွက်သွားရန် အမြဲလိုလို မျှော်လင့်ထားခဲ့ပေမဲ့လည်း သူမအမေက စကားတစ်ခွန်းမှမဆိုဘဲ ထွက်သွားမှာကိုတော့ ဘယ်သောအခါမှမမျှော်လင့်ထားခဲ့...

သူမအခန်းထဲပြန်ပြေးဝင်သွားပြီး ဖုန်းကိုဆွဲယူ၍ ရှန့်ချန်ခုန်းကိုဆက်သွယ်လိုက်သည်။

ရှန့်ချန်ခုန်းမှာ သူ့အလုပ်အဆိုင်းချိန် အော်ဒါအများဆုံးအချိန်ကြားတွင် ဖြစ်နေပါသည့်တိုင် ဖုန်းခေါ်ဆိုနေသူမှာ ရှန့်နွမ်မှန်း မြင်လိုက်ရသောအခါ ရှန့်ချန်ခုန်း ဖုန်းပြန်ဖြေခဲ့၏။

"ရှန့်နွမ်? ဘာဖြစ်လို့လဲ"

သူအအစ်ကိုကြီးအသံကိုကြားရပြီးနောက် ရှန့်နွမ်နှလုံးသားထဲရှိစိုးရိမ်ကြောင့်ကြမှုများမှာ လျှံကျလာပါတော့၏။

"အစ်ကို အမေမရှိတော့ဘူး"

ရှန့်ချန်ခုန်း အတော်လေး အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။

"ဘာ? ပိုရှင်းရှင်းလင်းလင်းပြော"

ရှန့်နွမ် ထပ်ပြောလာချိန်တွင် သူမအသံမှာတုန်တုန်ယင်ယင်ဖြင့်။

"အမေ ဘယ်အချိန်ကထွက်သွားလဲ ညီမလဲမသိဘူး.. ညီမက အခန်းထဲမှာစာကြည့်နေခဲ့တာ နေ့လယ်စာစားချိန်ရောက်ပြီလို့ သတိထားမိလိုက်တော့ ညီမအပြင်ထွက်လာခဲ့တယ်၊ ညီမ အစားအသောက်တွေပြန်နွှေးပြီးမှ အမေ့ကိုခေါ်လိုက်တာ ဒါပေမဲ့ အမေ့အခန်းထဲမှာ ဘယ်သူမှမရှိဘူး.. ညီမ တစ်အိမ်လုံးလဲရှာကြည့်ပြီးသွားပြီ ဒါပေမဲ့ အမေကဒီမှာမရှိဘူး ညီမ အဝတ်အစားဗီရိုထဲတောင် စစ်ကြည့်ပြီးသွားပြီ"

Slowly Falling For Changkong ( ဘာသာပြန် )Where stories live. Discover now