ကလေးလေး စောင်တစ်ထည်ကို ဆွဲခြုံပြီး ကိုကို ပြန်လာမည့်အချိန်ကို စိတ်ကနေ ရေတွက်နေလိုက်သည်။ ကိုကိုမလာခင် မိုးခြိမ်းမှာလည်း ကြောက်သည်။ စောင်ကို ခေါင်းပေါ်ခြုံထားပြီး ဧည့်ခန်းက ခုံမှာ ကွေးကွေးလေး ထိုင်ပြီးစောင့်နေရသည်။

"ကိုကို..."

ဖွင့်ဟသွားသည့် အိမ်တံခါးနှစ်ချပ်နောက် ကိုကို့မျက်နှာပေါ်လာတော့မှ လုံခြုံသွားသလိုခံစားရသည်။ တစ်ဆက်တည်းမှာပဲ မှောင်မဲနေတဲ့ကောင်းကင်က လျှပ်စီးများ လင်းလက်လာတော့သည်။ ကိုကို့နောက်ရှိ ကောင်းကင်မည်းမည်းကြီးဆီမှ လင်းလက်လာသော အရောင်များက ကိုကို့ ကျောဘက်မှာ ဖြန့်ကျက်လို့နေသည်။

ဒါ အလင်းတန်းပဲ။ သူမြင်ချင်ခဲ့တဲ့ ကိုကို့နောက်က အလင်းတန်း။

ကိုကိုက အိမ်တံခါးကို အမြန်ပိတ်လိုက်ပြီး ထီးကို ရေချိုးခန်းမှာ သွားချိတ်လိုက်သည်။
သူ့ကိုယ်ပေါ်တင်လာတဲ့ ရေစက်အချို့ကို ခပ်ကြမ်းကြမ်းခါချရင်း ကလေးလေးဘေးမှာ ဝင်ထိုင်သည်။ လျှပ်စီးအလင်းတွေကို မမြင်ရတော့ပေမဲ့ ကလေးလေးမျက်စိထဲမှာတော့ ကိုကို့ဘေးတွင် အရောင်အဝါများ ထွက်နေဆဲပင်။

"ကလေးလေး ကြောက်နေသေးလား
ကိုကိုပြန်လာပြီ
အိပ်ချင်လည်း အိပ်လို့ရပြီနော်"

"ကိုကို..."

"အင်း..."

"အခုပဲသေချာသွားပြီ"

"ဘာကြီးလဲ ကလေးလေးရဲ့"

"ကလေးလေးက ကိုကို့ကို ချစ်တယ်"

"ဟင် ဘာကြီး..."

မျက်လုံးလေး တလက်လက်နဲ့ ရှေ့ကိုတိုးလာတဲ့ ကလေးလေးကို ချန်းယောလ်က ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေရသည်။ မိုးတွေရွာပြီး ရာသီဥတုမကောင်းတဲ့အချိန်မှာ သူက ရုတ်တရက်ကြီး ဘာသေချာတာလဲ။

"ချစ်တာလေ ကိုကိုရဲ့
ကလေးလေးက ကိုကို့ကိုချစ်တယ်လို့"

"မဟုတ်တာတွေ"

"ဟုတ်တယ် သေချာနားထောင်နော်
မင်ချောကပြောတယ်..."

မင်ချောဆိုသည့်နာမည်ကြောင့် ချန်းယောလ် စိတ်လေသွားသည်။ ဒီကောင် ကလေးကို ဘာတွေ သင်ပြန်ပြီလဲ။

Red String of FATEWhere stories live. Discover now