ခေတ္တရာလိုပဲ သူလည်း ဒီမိသားစုကို စိတ်ကုန်လာမိပြီ။

ရိုင်းလ်စေတန် ထိုနေ့ကစပြီး သူ့စိတ်သူ အမြန်ပြန်ကုစားခဲ့ရသည်။ သူက စိတ်ကျန်းမာရေးဆရာဝန်တော့ မဟုတ်သော်ငြား ခေတ္တရာအတွက် သူ သေချာထပ်လေ့လာထားဖြစ်ခဲ့တာတွေက အခုချိန်၌ ကိုယ့်စိတ်ကိုယ် ကိုယ်တိုင်ပြန်ကုစားဖို့ အလွန်အသုံးဝင်နေခဲ့သည်။

သူ ဒီထက် ပိုသန်မာမှ ခေတ္တရာဆီ သူ ပြန်သွားနိုင်မှာ။ သူ ကျန်းမာနေမှ ဒီကောင်လေးကို သေချာစောင့်ရှောက်နိုင်မှာ။

ထို့အတွက် ထောင်ထဲ၌ ရိုင်းလ် Meditation တွေ အချိန်ပေါင်းများစွာ လုပ်ဖြစ်ခဲ့၏။ စိတ်ကျန်းမာရေး အကျဉ်းထောင်ထဲ ရောက်ဖြစ်‌နေခိုက် စိတ်ဝေဒနာသည်တွေအကြောင်း အရင်ထက် ပိုနားလည်လာခဲ့၏။ သူ့ကို ကုသပေးနေသည့် စိတ်ရောဂါကုဆရာဝန်နဲ့ပင် သူ ‌ဆေးပညာအကြောင်းတွေ ဖလှယ်ဖြစ်ခဲ့ကြသည်။

ဘာမှ ထွက်လုပ်လို့မရနိုင်သေးသည့် အချိန်ကာလတွေ၌ ရိုင်းလ် သူ့အချိန်တွေကို အကျိုးရှိစွာပဲ ကုန်ဆုံးဖြစ်ခဲ့တော့သည်။ သူ သွက်သွက်ခါ ရူးသွားပြလိုက်ရင်း ဒယ်ဒီ့ကို ဆန္ဒပြချင်ပေမယ့် သူသာ တကယ်ရူးသွားခဲ့ရင် ခေတ္တရာက သူ့အမှားကြောင့်ဟု စိတ်ဒဏ်ရာ ထပ်ရသွားမှာမျိုး မဖြစ်စေချင်တာမို့ ရိုင်းလ် အများကြီး တောင့်ခံထားမိခဲ့သည်။

သံတိုင်တွေကြား နေ့စဉ်ရက်ဆက် ရိုင်းလ် ဖြတ်သန်းခဲ့ရတာ မိုးရာသီကနေ သူ ကြိုက်တဲ့ ဆောင်းကာလ ရောက်လာတဲ့အထိ။ နှင်းတွေမကျတတ်တဲ့ နိုင်ငံကို ရောက်နေခဲ့ပေမယ့် ဒီနှင်းမဲ့တဲ့ ဆောင်းအိပ်မက်တွေကိုပဲ သူ ပိုမြတ်နိုးမိနေပါပြီ။ သူ့အတွက် သက်ရှိ နှင်းဖြူလုံးလေးသာ ရှိမယ်ဆိုရင် သက်မဲ့ဖြစ်တဲ့ နှင်းမှုန်တွေဆိုတာ ထိုမျှလောက်ထိ အရေးမပါတော့ပါပေ။

သူ အတိတ်မှာ အမှားတွေအများကြီး လုပ်ခဲ့မိတာအား ထိုကောင်လေး မကျေမနပ် ဖြစ်နေနိုင်တယ်ဆိုတာ နားလည်သလို၊ သူ့အချစ်က အစမ်းသပ်ခံနိုင်ပါကြောင်း ထိုကောင်လေးကို သူ သက်သေပြန်ပြချင်ခဲ့မိတဲ့အထိ သူ ခေတ္တရာကိုတော့ တကယ် ချစ်မိသွားခဲ့ပါ၏။

Snowless Winter Dream [Completed]Donde viven las historias. Descúbrelo ahora