Chapter 7

1.6K 100 5
                                    

ပုဂံ၏ အအေးဓာတ်က ရန်ကုန်ဆောင်းထက် အများကြီးပိုသိသာနေသလို ညသန်းခေါင်လောက်ထိ စည်ကားနေတတ်သော ရန်ကုန်နှင့် သိပ်မတူတဲ့ ပုဂံက နေဝင်သွားကထဲက နေရာတော်တော်များများ၌ တိတ်ဆိတ်သွားခဲ့ပြီ။

ထို့အတူ ဒီအိမ်ကြီးထဲမှာလည်း တိတ်ဆိတ်သွားကြပြီမို့ ရိုင်းလ် အန်တီခတ္တာလင်းနဲ့ ဦးရဲဝဏ္ဏတို့ကို နှုတ်ဆက်ခဲ့ပြီး သူ ပြန်ရောက်တိုင်း အနားယူနေကျဖြစ်တဲ့ ခေတ္တရာ ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ အပေါ်ထပ်၌ အိပ်ခန်းဆိုလို့ ဒီတစ်ခန်းနဲ့ ကျယ်ဝန်းသော ဘုရားခန်းတစ်ခန်းသာ ရှိသည်။ ရိုင်းလ်က ဗုဒ္ဓဘာသာဝင် မဟုတ်သူမို့ ဘုရားခန်းထဲကိုတော့ ဝင်မကြည့်ဖြစ်ပေ။

အချိန်ကား သန်းခေါင်ရောက်လုနီးနီး ဖြစ်နေပြီ။

ရိုင်းလ်စေတန် ကုတင်ပေါ်၌ နဖူးပေါ်လက်တင်ကာ လှဲအိပ်နေရင်း အခန်းပြတင်းပေါက်ကို အမှောင်ထဲမှ လှမ်းကြည့်နေခဲ့သည်။

ဒီညရော ဟိုကောင် ရောက်လာလို ရောက်လာငြား သူ စောင့်ဖမ်းနေခြင်းပါပင်။ တစ်နေ့လုံး အနားယူပြီးသွားပြီမို့ ရိုင်းလ် အဖျားကျသွားခဲ့ကာ အားအပြည့်လည်း ရှိနေပြီ။ ဒီည အဲ့ကောင် သူ့‌ဆီ ထပ်ရောက်လာရင် အသာလေး ဦးချိုးနိုင်နေပြီ။ ထို့ကြောင့် အမှောင်ချပြီး စောင့်‌နေခြင်းဖြစ်ပေမယ့် ည‌သန်းခေါင် ရောက်ခါနီးထိ ဘာအရိပ်အယောင်မှ မမြင်ရတာမို့ ပျင်းလာသည်။

"ဒီကောင် ငါ့နောက် လိုက်လာတာဆိုပြီး အခုကျတော့ ထပ်မလာတော့ဘူးလား"

ပြန်ထထိုင်လိုက်ပြီး သူ ပြတင်းတံခါး၏ ဂျက်ကို နေ့လယ်ကလို သူ မရှိတုန်း ထပ်ဝင်လို့မရအောင် အသေများပိတ်မိထားသေးလို့များ အဲ့ကောင် ဝင်မရဖြစ်နေတာလား သိချင်လို့ လာစစ်ကြည့်လိုက်ပေမယ့် ပြတင်းပေါက်က စေ့ရုံစေ့ထားတာကိုသာ တွေ့လိုက်ရတာကြောင့်-

"ငါ မနက်က ကျွေးလိုက်တာ သူ့ဒဏ်ရာတွေ ပိုဆိုးသွားလို့ မထနိုင်တော့တာများလား"

ရန်ဖြစ်ဖို့ အားယူထားပြီးမှ ‌အရိပ်အယောင်တောင် ပေါ်မလာတာကြောင့် အိပ်နေရင်းနဲ့သာ စောင့်နေဖို့ပဲ ဆုံးဖြတ်လိုက်တော့ကာ ထိုကောင် ကျန်ခဲ့သည့် ဓားကို ရိုင်းလ် သူ့ခေါင်းအုံးအောက်ထဲပဲ ထည့်သိမ်းထားလိုက်‌တော့သည်။

Snowless Winter Dream [Completed]Where stories live. Discover now