ရေး သူ့ပစ္စည်းတချို့ကို သိမ်းဖို့ တက်လာခဲ့စဉ် သူ့အိပ်ခန်းထဲ၌ မာန် ရောက်နေပြန်တာကြောင့် ရေး အလန့်တကြား ပြန်ပြေးဆင်းလာခဲ့ရသည်။

သူ အခုလို ထင်ယောင်ထင်မှားတွေ မြင်နေတာ လဝက်ခန့်ရှိပေပြီ။ အများဆုံး မြင်မိတာက မာန့်ပုံရိပ်တွေကိုပင်။

ရိုင်းလ်စေတန် သူ့အား ထောင်ဝင်စာ လာတွေ့သော ခေတ္တရာ၏ မျက်နှာကို မှန်ချပ်တွေခြားပြီးမြင်လိုက်ရချိန်၌ အလွန်အမင်း အံ့ဩသွားရ၏။

"မင်း ဘာလို့ ထောင်ထဲမှာထက်တောင် ပိန်သွားရတာလဲ။ ဘာလို့လဲ၊ အန်တီတို့နဲ့ နေရတာ အဆင်မပြေလို့လား"

ရှပ်အဖြူ ဝတ်ထားသည့် ကောင်လေး၏ မျက်နှာကလည်း ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေပါ၏။

ရေး ခေါင်းရမ်းပြလိုက်ရသည်။

"ကိုကို့ကို သတိရလို့လေ၊ ကိုကို ကျွန်တော်ရော ဒီမှာပဲ ကိုကိုနဲ့ တူတူပြန်လာနေလို့ မရဘူးလား"

မျက်ရည်တွေတွေ စီးကျလာသော ခေတ္တရာကြောင့် ရိုင်းလ် မှန်ချပ်တွေခြားနေတာကို အားမလိုအားမရ ဖြစ်သွားခဲ့တာ‌မို့-

"ကိုယ် အခုပဲ ပြန်လာခဲ့မယ်၊ ဒီမှာပဲ ခဏထိုင်စောင့်ဦးနော်"

ရေး သူ့မျက်ရည်တွေ အမြန်သုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ရင်း ကိုကို အထဲပြန်ဝင်သွားတာကို စောင့်နေလိုက်ရသည်။

ခဏကြာပြီးနောက် ထောင်စောင့်တွေ သူ့အား သီးသန့်ခန်းထဲ လိုက်ခဲ့ဖို့ လာခေါ်ကြသည်။ ရေး ထိုအခန်းကို သိပါ၏။ ထိုသီးသန့်တွေ့ဆုံခန်းက မိသားစုဝင်တွေ၊ အပြင်လူတွေနဲ့ တွေ့လို့ရတဲ့ နေရာတော့ မဟုတ်။ မိသားစုဝင်တွေက ယခုကဲ့သို့သာ မှန်ခြားပြီး တွေ့ရသည်။ ရှေ့နေတွေ၊ ရဲဖက်က လူတွေ ထိုထောင်သားကို လာတွေ့တဲ့အချိန်မှသာ ထောင်မှူးက အသုံးပြုခွင့်ပေးသော ဟောခန်းကျယ်မျိုးဖြစ်သည်။

ရေးကို ထိုအခန်းထဲ ဝင်ခိုင်းလိုက်ပြီး ထောင်စောင့်တွေ အပြင်ကနေ ရပ်စောင့်နေကြသည်။ တံခါးကတော့ မှန်တံခါးမို့ အထဲကလူတွေကို ထောင်စောင့်တွေ အပြင်ကနေ စောင့်ကြည့်နိုင်လေ၏။

Snowless Winter Dream [Completed]जहाँ कहानियाँ रहती हैं। अभी खोजें