"အိပ်တော့၊ ကိုယ် ပြတင်းပေါက်ကပဲ အခြေအနေ ထကြည့်မှာ။ ဟုတ်ပြီ၊ ကိုယ် အပြင်ရောက်ရင် လူမသတ်မိစေရဘူးနော်"

ရေး ခုမှပဲ စိတ်ချသွားနိုင်ပြီမို့ မျက်လုံးမှိတ်နိုင်တော့သည်။

လူကယ်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ မတော်တဆ လူသတ်မိခဲ့ရင် အဲ့ဒါ ခေတ္တရာ တစ်‌ယောက်အတွက်ပဲဆိုတာတော့ ရိုင်းလ် ထုတ်ပြောမနေတော့ဘဲ ပြတင်းပေါက်ကိုသာ လှပ်ကြည့်လိုက်သည်။

အပြင်ဖက်၌ ဘာမှထူးခြားတာ မရှိသယောင်ဆိုပေမယ့် သူလည်း ခေတ္တရာနည်းတူ ဒီနေရာမှာ အန္တရာယ်ရှိနေတယ်ဟု ခံစားမိနေသည်။

ထိုစဉ် ရေး ကုတင်ပေါ်က ဝုန်းခနဲ ဆင်းလာတာကြောင့် ရိုင်းလ် ထိုနေရာနား ပြန်‌ပြေးလာခဲ့ရသည်။

"ဘာဖြစ်လို့လဲ၊ အရမ်းအရမ်း မထနဲ့ဦးလေ"

"မင်း အနံ့တစ်ခုခု မရဘူးလား"

"အနံ့လား"

ရေး၏ အနံ့ခံအာရုံက တခြားလူတွေထက် ပိုကောင်းသည်။ အခုလည်း သူ့နှာခေါင်းထဲ၌ ညှော်နံ့တွေ ရနေတာကြောင့် အိမ်၏ အနောက်ဖက်ထဲသို့ ပြေးထွက်လာခဲ့မိသည်။

ရိုင်းလ်ပါ အိမ်နောက်ဖက်ထဲ ပြေးလိုက်လာခဲ့စဉ် နှစ်ယောက်လုံး အလန့်တကြား ဖြစ်သွားခဲ့ကြသည်။

"အိမ်မီးလောင်နေတယ်! ! !"

"ခေတ္တရာ နောက်ဆုတ်"

မီးထပ်မကူးအောင် ဘေစင်ပိုက်က ရေနဲ့ အမြန်ငြှိမ်းကြည့်ပေမယ့် မီးက ရှို့မီးအလား လျင်မြန်စွာ တစ်နေရာပြီး တစ်နေရာ စွဲလာခဲ့သည်။ မီးကူးတာက ကြောက်စရာကောင်းလောက်အောင် မြန်နေသည်။

ရေးလည်း မီးသတ်ဆေးဘူး ရှိလိုရှိငြား အမြန်ရှာကြည့်မိပေမယ့် ဒါက သူတို့အိမ် မဟုတ်တာမို့ ဘယ်နေရာ ဘာထားမှန်း မသိသလို မျက်စိရှေ့မှာလည်း မမြင်မိ။

"အဟွတ်. . .အဟွတ်"

"မီးကူးတာ အရမ်းမြန်နေတယ်၊ ကိုယ်တို့ အိမ်ရှေ့က အမြန်ထွက်မှ ဖြစ်တော့မယ်"

မီးခိုးငွေ့တွေ အလုံးအရင်းတိုးဝင်လာတာကြောင့် နှစ်ယောက်လုံး အသက်ရှူ ကြပ်လာကြသည်။ ထို့အတွက် အိမ်ရှေ့ထွက်ဖို့ အမြန်ပြင်လိုက်ချိန်၌ သူတို့ခေါင်းပေါ်က ထုပ်တန်း မီးစွဲပြီး အရှိန်နဲ့ ပြုတ်ကျလာတာကို ရိုင်းလ် အရင်မြင်လိုက်ရတာမို့ ရေး၏ ခေါင်းကို သူ့လက်နဲ့ အုပ်မိုးလိုက်ပြီး ရေးကို သူ့အောက်သို့ လျင်မြန်စွာ ဆွဲချလိုက်ရသည်။

Snowless Winter Dream [Completed]Where stories live. Discover now