ထိုတိုက်ပိုင်ရှင် ဘယ်သူမှန်း မသိခင်ကထဲက ဘာကြောင့်မှန်းမသိ သူ သေချာပေါက် သွားချင်ခဲ့မိသည့် နေရာ၊ ဒီနေရာမှာမှ ဆေးခန်းမဖွင့်ဖြစ်ရင် သူ ဆရာဝန်လုပ်ရတာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူးဟု တွေးခဲ့မိသည့်အထိ သဘောကျခဲ့ရသော ဒီအဆောက်အဦး၏ ပိုင်ရှင်ကို ရေးမှန်းသိလိုက်ရချိန်၌ စိတ်တိုလွန်းလို့ မှောက်ချထားခဲ့မိတာပင်။

သူ ခေတ္တရာကို ငယ်စဉ်ကထဲက သူ့ကိုကာကွယ်ပေးစေချင်ခဲ့သည့် သူရဲကောင်းလေးအဖြစ် စွဲလမ်းဖူးခဲ့ပြီး ဒီဓာတ်ပုံထဲ၌ နောက်ကျောပဲ မြင်ရတဲ့ တိုက်ပိုင်ရှင်ကိုတော့ ထိုကောင်လေးဆီမှာ ဘာတွေများ နာကျင်စရာရှိနေရတာလဲဆိုတဲ့ အတွေးကြောင့် သူ မွေးနေ့လက်ဆောင် ပို့ပေးတာမျိုးထက် ပိုနှစ်သိမ့်ပေးချင်ခဲ့သည့် ကောင်လေးတစ်ယောက်အဖြစ် ရင်ထဲသိမ်းထားခဲ့ဖူးသည်။ ရယ်စရာကောင်းတာက နှစ်ယောက်လုံးက တစ်ယောက်တည်း ဖြစ်နေခဲ့တယ်ဆိုတာပါပင်။

ကြည့်ရတာ သူနဲ့ ခေတ္တရာက ရေစက်ပါတယ် ထင်ပါရဲ့။

ဓာတ်ပုံကို လက်ဖျားတွေနဲ့ ညင်သာစွာ ပွတ်သပ်မိရင်း ပြုံးနေမိတာကို ရိုင်းလ် သူ့ကိုယ်သူ သတိထားလိုက်မိတာမို့ မှန်ဘောင်ကို သေချာပြန်ထောင်ထားလိုက်ရင်း ရေချိုးခန်းဖက် ထွက်လာခဲ့တော့သည်။

ရှေ့ရက်တွေကဆို ဒီကောင်လေးကို တစ်နေ့နှစ်ကြိမ်လောက် တွေ့တွေ့နေခဲ့ရပေမယ့် ဒီနှစ်ရက်လုံးတော့ နယ်မြေကွာခြားမှုကြောင့် အသံတောင် မကြားရသေးတာအတွက် သတိရနေမိသည်။ ထို့အတွက် နောက်မှပဲ အနားယူတော့ဖို့ ဆုံးဖြတ်လိုက်ရင်း ဒီအချိန်ဆို ခေတ္တရာက ဘားမှာ ရှိနေလောက်နိုင်တာမို့ ရိုင်းလ်တစ်ယောက် သူ့ကိုယ်သူ အသပ်ရပ်ဆုံး၊ ကြည့်အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပြီး Victory ဘားရှိရာနေရာသို့ ပြန်ထွက်လာခဲ့သည်။
.
.
.
ဘားအတွင်း၌ ဆူညံပွက်လောရိုက်နေကာ ရှုပ်ထွေးပွေလီနေသည်။

ထိုစဉ် ဘားပိုင်ရှင်အား အညိုရောင်မျက်ဝန်းများဖြင့် ရှာဖွေနေသည့် ကပြားသွင်ပြင်နှင့် နတ်ဘုရားတစ်ပါးအလား ချောမောခန့်ညားလှသော အမျိုးသားတစ်ဦးကို ဘားထဲမှ ဧည့်သည်တချို့ ငေးကြည့်မိသွားကြသည်။

Snowless Winter Dream [Completed]Where stories live. Discover now