သျှိုင်းစက်မာန်အတွက်တော့ ရေးကို အဖြောင့်စစ်စစ်လို့ပဲ သိထားတာတာမို့ ရေးက မြူဆွယ်တယ်ဆိုတာ နားရှိလို့သာ ကြားရသည်။ ထို့အပြင် ခွန်းက သူ့ကို သလွန်းတုန်းကလို လှည့်နေပြီဆိုတာပါ ရိပ်မိလိုက်ပြီ။ သူ ဒီတစ်ခါတော့ ခွန်းကို ထပ်အပါမခံနိုင်တော့ပါ။

ဒီဘဲက တကယ်ပဲ လှတဲ့ ကောင်လေးတွေကို စိတ်ဝင်စားတာဆိုရင်တော့ သူ ခွန်းကို ပိုစိတ်ပူနေရပြီမို့ ရေးကို ထိုဘဲဆီ ထိုးကျွေးဖို့အတွက် သူ အမြန်စီစဉ်ဖို့ လိုနေပြီဆိုတာကိုပါ နားလည်လိုက်သည်။

သျှိုင်းစက်မာန်သာ ထိုဘဲနေရာမှာဆိုရင် ရေးလို ချိန်ကိုက်ဗုံးထက်တောင် ကြောက်ဖို့ကောင်းတဲ့သူနဲ့ယှဉ်ရင် ခွန်းလို နူးညံ့တဲ့ ကောင်လေးမျိုးကိုသာ ရွေးချယ်မိမှာပဲမို့ ထိုဘဲ ခွန်းထက် ရေးကိုပဲ ပိုအာရုံစိုက်လာအောင် သူ ကြိုးစားရပေမည်။

-------------------

ပုဂံမြို့၌ အချမ်းသာဆုံးစာရင်းဝင်ထားသည့် အလွန်ကျယ်ဝန်းလှသော စံအိမ်ကြီးရှေ့သို့ ဆိုင်ကယ်နှစ်စီး ရှေ့ဆင့်နောက်ဆင့် ထိုးရပ်လာခဲ့သည်။

ဆိုင်ကယ်တစ်စီးပေါ်မှ စတိုင်ပန်အနက်နှင့် တီရှပ်အဖြူပေါ်၌ အနောက်တိုင်းကုတ်အနက် ထပ်ဝတ်ထားသော ရိုင်းလ်စေတန် ခြံရှေ့က အစောင့်တွေကို နှုတ်ဆက်လိုက်ရသည်။

ဂိတ်ပေါက်၌တင် အစောင့်တွေအလွန်များတာမို့ ပုံမှန်ဆို စံအိမ်ထဲသို့ လာသည့်ဧည့်သည်တွေကို သေချာစစ်ဆေးတတ်ကြပေမယ့် ဒီဒေါက်တာကတော့ ခြွင်းချက်မို့ ဒီအတိုင်း ပေးဝင်လိုက်ကြရသည်။

ခဏလေးအတွင်း အေးဆေးဝင်ခွင့်ရသွားတာကြောင့် ရေး သက်ပြင်းခိုးချလိုက်မိပြီး အိမ်ဝင်းထဲထိ မောင်းဝင်လာခဲ့ရင်း သူ့အမေနဲ့ တွေ့ရတော့မှာမို့ ခြေဖျားလက်ဖျားတွေပင် အလိုလို အေးလာခဲ့သည်။

.
.
.

တစ်ဖက်၌လည်း ဦးရဲဝဏ္ဏဆီသို့ သူ့လူတွေဆီမှ သတင်းဝင်လာခဲ့သည်။

"တကယ်ပဲ နာမည်တူကြရုံပဲလား"

"သေချာပါတယ်၊ ရေးခေတ္တရာက သူ့အဖေ ဆုံးသွားကထဲက အဲ့ဘားကိုပဲ ဆက်ဦးစီးနေတဲ့ တစ်ဦးတည်းသောသားပါ"

Snowless Winter Dream [Completed]Where stories live. Discover now