အဲ့ကောင်မှာ သူငယ်ချင်းဆိုလို့ သူ တစ်ယောက်ပဲ ရှိတော့တာကိုတောင် ရေးက သူ့ကိုဆို အကောင်းမမြင်၊ ကျေးဇူးမတင်ဘဲ မောင်းထုတ်ဖို့သာ ချောင်းနေသည်။

"အဟမ်း. . .ငါ သူ့ကို ထပ်ပြီးဖွင့်ပြောလိုက်ပြီ သိလား။ ငါ့အထင် ဒီတစ်ခါတော့ အခြေအနေကောင်းမယ် ထင်တယ်။ သူ ပထမတစ်ခါတုန်းကလို တန်းမငြင်းတော့ဘူး။ စဉ်းစားပေးမယ် ပြောတယ်။ သူ ရန်ကုန်ပြန်လာရင် အဖြေပေးမယ်တဲ့"

ရေး သူ ထိုင်နေရာကနေ လှမ်းမြင်နေရသည့် ပုဂံဘုရားတွေကို ငေးကြည့်လိုက်ရင်း ပြုံးလိုက်မိသည်။

သူ ဆက်ခွန်းသစ်နဲ့ အဆင်‌မပြေတော့ပေမယ့် ခွန်းက အရင်လို လူတိုင်းရဲ့ အချစ်ခံလေး ဖြစ်နေဆဲကိုတော့ သူ အားကျနေရဆဲပါပင်။ လူတစ်ဖက်သားအပေါ်  ကြင်နာနွေး‌ထွေးတတ်ကာ အမြဲ စိတ်လိုလက်ရ ပြုံးရယ်နေတတ်သော ခွန်းကို သူပင် စိတ်နှစ်ပြီး ခင်မင်ခဲ့မိသည်။ မာန် အဲ့ကောင်ကို ဘယ်လောက်ရူးခဲ့လဲဆိုတာလည်း ရေး အသိဆုံး။ ထို့အတူ ခွန်းတစ်ယောက် သလွန်းကို ဘယ်လောက် ကြွေခဲ့လဲဆိုတာလည်း သူပင် ကြားထဲမှ မာန့်ကို သနားမိခဲ့ရတဲ့အထိပင်။

သို့သော်ငြား သလွန်းကတော့ အစကနေ အဆုံးထိ သူ ဆက်ခွန်းသစ် တစ်ယောက်ထဲကိုသာ ချစ်ခဲ့ပါကြောင်းနှင့် ရေးကို လိုက်ခဲ့ဖူးတာက ခွန်း သူ့ဆီ အာရုံစိုက်လာရုံသာဟု ပြောခဲ့ပြီး ဘေးနားကနေ အပြီးပျောက်ကွယ်သွားခဲ့ပြီ။ သလွန်းနဲ့ ခွန်းတို့ တွဲဖြစ်ခဲ့သည့် တစ်နှစ်ခွဲလုံး မာန့်ကို ရေး အဖော်ပြုပေးခွင့်ရခဲ့တာကတော့ မာန်နဲ့သူ အခုလို ပိုပြီးရင်းနှီးလာစေခဲ့တဲ့ အချိန်တွေပင်။

ရေး လူတစ်ယောက်အပေါ်ကို မာန်တို့လို နှစ်တွေကြာသွားလည်း စွဲစွဲလမ်းလမ်း ဖြစ်နေဆဲ အချစ်မျိုးနဲ့ မချစ်ခဲ့ဖူးသလို ဘယ်သူကမှလည်း သူ့ကို ထိုကဲ့သို့ ချစ်မလာဖူးပေ။

အပေါ်ယံ အချစ်‌တွေ၊ အယောင်ဆောင် ခင်မင်မှုတွေ၊ သူ့လက်ကို လွှတ်လိုက်ဖို့က ထင်ထားတာထက် လွယ်ကူခဲ့လွန်းသူတွေ၊ သူ့အပေါ် တွယ်တာမှုမရှိတဲ့ မိဘတွေနဲ့ ကြုံခဲ့ရပြီးချိန်၌ ရေး ဘယ်လိုချစ်ခြင်းမေတ္တာပုံစံမျိုးကိုမဆို အယုံအကြည်မရှိတော့။

Snowless Winter Dream [Completed]Tempat cerita menjadi hidup. Temukan sekarang