"ထ ထ သွားမယ်"

လက်တုတ်တုတ်လေးကို ဆွဲမပြီးထူတော့ ပျင်းရိပျင်းတွဲနဲ့ ထ လာသည်။ ထို့နောက် လက်ကလေးကို ခေါင်းပေါ်အုပ်မိုးပြီး အဝေးကိုမျှော်ကြည့်သည့်ပုံနှင့်လုပ်ကာ...

"ပြန်ရမှာဝေးလိုက်တာနော်
ဗိုက်ဆာလို့ လမ်းတောင်မလျှောက်နိုင်တော့ဘူး
ချီသွားပါလားဟင်"

နေလည်းမြင့်လာပြီဆိုတော့ ဝက်ကလေးရစ်နေရင် ပိုကြာနေမှာစိုးသောကြောင့် ဝက်ခန္ဓာကိုယ်လေးကို ကျောပေါ်တင်ကာ အိမ်ကို ပြန်လာရသည်။ သူကောက်လာတဲ့ ခရုခွံတွေနဲ့ ဖိနပ်လေးကလည်း ချန်းယောလ် လက်ထဲမှာ ကိုင်လျက်သားဖြစ်သည်။ သူ့ကျောပြင်ကျယ်ကြီးပေါ် ဇိမ်ကျနေတဲ့ ဝက်ကလေးကတော့ လမ်းဘေးမှာတွေ့တဲ့အပင်တွေကို လှမ်းဆွဲပြီးဆော့နေလိုက်သေးသည်။

သံယောဇဉ်တွေလည်း တစ်နေ့ထက် တစ်နေ့ပိုတိုးရပါလား ဝက်ကလေးရယ်။ မင်းသာ မင်းမိသားစုဆီ ပြန်သွားရင် ငါတော့ ပျင်းပြီးကျန်နေခဲ့မယ်ထင်တယ်။

💓

"အဲ့ဒါလေး လိုချင်တယ် လိုချင်လို့ပါဆို"

"မရဘူးဆို မရဘူးပဲနော်
စိတ်ကောက်လည်းဝယ်မပေးဘူး
မင်းတစ်ယောက်ကိုတောင် ငါမနည်းထိန်းနေရတာ
အဲ့ဒါလေးတွေကိုပါ မထိန်းနိုင်ဘူး"

မင်းသားလေး ဘယ်လောက်ပူဆာ ပူဆာ အသည်းမာတဲ့ ကယ်တင်ရှင်ကတော့ မဝယ်ပေးဘူးပဲ ဘူးခံငြင်းနေသည်။ ယုန်လေးတွေ မွေးချင်မိတာ အပြစ်လား။ မင်းသားလေး မျက်လုံးထဲမှာတော့ မျက်လုံးနီနီ နားရွက်ရှည်ရှည် အဖြူဖွေးဖွေး ယုန်ပေါက်လေးတွေကိုသာ မြင်ယောင်လို့နေသည်။ လှောင်ချိုင့်နဲ့ တစ်ကောင်ချင်းထည့်ထားသည့် ယုန်လေးတွေကို အိမ်ခေါ်သွားခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။

မင်းသားလေးနဲ့ ကယ်တင်ရှင်က သစ်သားအိမ်လေးထဲမှာ အတူတူအလုပ်လုပ်နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြ။ အရင်ကဆို ရေပက်မဝင် ပေါက်ပေါက်ဖောက်နေတဲ့ မင်းသားလေးက ဒီနေ့တော့ တိတ်ဆိတ်ခြင်းဖြင့် စိတ်ကောက်ကြောင်းကို ကယ်တင်ရှင်သိအောင် ပြလို့နေသည်။အလုပ်များနေတဲ့ ကယ်တင်ရှင်ကလည်း တိတ်နေရင် အလုပ်လုပ်ရတာ ပိုအဆင်ပြေသည်ဟုတွေးနေ၍လားမသိ။ မင်းသားလေးကို နည်းနည်းမှပင်မချော့။

Red String of FATEWhere stories live. Discover now