"ဘာကိုကောက်နေပြန်တာလဲ
ထမင်းစားမယ်လေ"
"ကယ်တင်ရှင်က လူအသစ်တွေရောက်လာလို့ ကျွန်တော့်ကို ဦးလေးဂျွန်အိမ်မှာ လိုက်မခေါ်တာမလား
ကျွန်တော်က ကယ်တင်ရှင်လာခေါ်မလားလို့စောင့်နေတာ
ဗိုက်ဆာတော့မှ ဒီခြေထောက်တွေနဲ့ ကိုယ့်ဘာသာပြန်လာရတယ်"
ခုံပေါ်မှာကွေးတင်ထားတဲ့ခြေထောက်တွေကို ကြမ်းပေါ် ဆတ်ခနဲချပြီး လှုပ်ယမ်းပြကာ ပြောနေပုံလေးက တကယ်ချစ်စရာကောင်းသည်။ ဦးလေးဂျွန်အိမ်ကိုသွားတာကြာရင် ချန်းယောလ် လိုက်ခေါ်တတ်တာကိုလည်း သူက အမှတ်အသားထားပြီး စောင့်နေသေးသည်။ ဧည့်သည်လာတာကိုလည်း မနာလိုဖြစ်ရသေးသည်။ တကယ့်ဟာလေးပဲ။
ကောင်လေးရဲ့ဘေးမှာ ချန်းယောလ် ဝင်ထိုင်လိုက်ပြီး သူ့ပခုံးလေးကိုဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်တော့ မကျေနပ်တဲ့ မျက်လုံးလေးတွေနှင့် မော့ကြည့်လာသည်။
"သူတို့က မင်းအတွက်လာတာ...
မင်းကို အိမ်ပြန်ပို့ပေးဖို့လေ..
မင်းအိမ်ကို ကူရှာပေးဖို့လာကြတာ
မင်းအိမ်မပြန်ချင်ဘူးလား"
ချန်းယောလ်ပြောသမျှကို ဂရုတစိုက်နားထောင်နေပေမဲ့ ခဏလေးအတွင်းမှာပဲ မှုန်ကုပ်ကုပ်မျက်နှာပြန်ပြောင်းသွားသည်။
"မပြန်ချင်ပါဘူး
ကျွန်တော့်ကို ပင်လယ်ကမ်းစပ်က ကောက်လာတာဆို
အိမ်ကိုပို့မယ်ဆိုပြီး ရေထဲပြန်ပစ်ချမှာမလား"
"မဟုတ်တာတွေ...မင်းကို သေချာပြောပြမိတဲ့ ငါကိုကမှားတာ
လာ ထမင်းစားမယ်
ခြေလက်ဆေးထားပါဆို မဆေးထားဘူး
ထမင်းတစ်ပန်းကန် လျော့ကျွေးရမယ်"
"နောက်ပိုပြီး လိမ္မာပါ့မယ်
ထမင်းမလျော့နဲ့နော် ဗိုက်က အရမ်းဆာနေတာ"
ဘာပဲပြောလိုက် ပြောလိုက် အကြောင်းပြချက်အပြည့်နဲ့ကောင်လေးက ထမင်းကို ပုံမှန်ထက် တစ်ပန်းကန်ပိုစားလိုက်သေးသည်။
သူ့အပြောအရတော့ ကယ်တင်ရှင်နဲ့တူတူမို့ ပိုပြီးစားလို့ကောင်းပါသည်တဲ့။ ဘယ်လောက်လည်တဲ့ မင်းသားလေးလဲ။
💓
ညအရမ်းမနက်သေးသော်လည်း ချန်းယောလ်ရော ကောင်လေးပါ အိပ်ယာပေါ် ကိုယ်စီ နေရာယူပြီးကြပြီဖြစ်သည်။ ချန်းယောလ်တစ်ယောက်တည်းနေတုန်းက ကုတင်ကို ပြတင်းပေါက်နှင့်တည့်တည့် ခင်းထားတာဖြစ်ပြီး ကောင်လေးအတွက် ကုတင်အသစ်ရောက်လာတော့ ကုတင်နှစ်လုံးကို ပြတင်းပေါက်ခြားကာ ယှဉ်လျက်ခင်းထားသည်။ နှစ်ပေခွဲလောက်သာကွာခြားသောကုတင်နှစ်လုံးကြောင့် တစ်ယောက်နှင့် တစ်ယောက် ကောင်းစွာမြင်နေရသလို၊ စကားလည်း ပြောလို့ရသည်။
ညဘက်တိုင်း ပုံပြင်ဖတ်ပြဖို့တာဝန်တိုးလာတဲ့ ချန်းယောလ်က အိပ်ချိန်တိုင်း ကောင်လေးကို ပုံပြင်ပြောပြလေ့ရှိသည်။ ပြတင်းပေါက်နေဝင်လာတဲ့ လရောင်ရယ်၊ အေးအေးချမ်းချမ်းတိုက်ခတ်နေတဲ့ ပင်လယ်လေရယ်၊ သူနဲ့ကောင်လေးရယ်...ညကလေးက အေးချမ်းလို့နေသည်။
"ရေသူထီးလေးက သူ့ရဲ့ပုလဲနက် ဆွဲကြိုးလေးကို မင်းသမီးလေးကို ပေးခဲ့တယ်တဲ့
အဲ့ဒီဆွဲကြိုးလေးကြောင့် သူတို့က ဘယ်လောက်ဝေးဝေးတစ်ယောက်အနားတစ်ယောက်ရှိသလို နွေးထွေးနေပြီး
သူတို့ရဲ့အချစ်ကလည်း ထာဝရ တည်မြဲသွားတယ်တဲ့
အိပ်တော့နော်"
"ကယ်တင်ရှင်...."
"အင်း..."
"ကျွန်တော့်မှာလည်း ပုလဲနက်ဆွဲကြိုးလေးရှိတယ်"
ကုတင်ပေါ် ထထိုင်ပြီး အင်္ကျီကြယ်သီးကိုဖြုတ်ကာ ဆွဲကြိုးကို အတင်းထုတ်ပြနေသောကြောင့် ချန်းယောလ်လည်း အိပ်နေရာက ထကာ ကောင်လေး ကုတင်ဘက် ကူးသွားရသည်။
"အင်္ကျီတွေ လျှောက်ချွတ်မနေနဲ့ အအေးပတ်မယ် အိပ်တော့..."
ကုတင်ပေါ်ပြန်လှဲစေပြီး စောင်ခြုံပေးလိုက်တော့ မျက်လုံးလေးများကို ချက်ချင်းမှိတ်လိုက်သည်။ ချန်းယောလ် ကုတင်ပေါ်က ထရပ်လိုက်တာနှင့်...
"ကယ်တင်ရှင်...ညဘက် မိုးရွာရင် ကျွန်တော့်ကို ဖက်ထားပေးဦးနော်
ကျွန်တော် ကြောက်လို့..."
"အင်း...ဒီည မိုးမရွာဘူး စိတ်ချလက်ချအိပ်"
ပြုံးပြီးမျက်လုံးပြန်မှိတ်သွားတဲ့ကောင်လေးက မိုးမရွာတာကို စိတ်ချသွားသည့်ပုံနှင့် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
ချန်းယောလ်ကသာ မအိပ်နိုင်ဘဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် ဖြစ်နေသည်။ ထို့နောက် ကောင်လေးကုတင်ဘက်ကို စောင်းပြီး အိပ်ပျော်နေတဲ့ ကောင်လေးကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ မင်းရဲ့ပုလဲနက်ဆွဲကြိုးလေးက တစ်စုံတစ်ယောက်နဲ့ စိတ်ချင်းဆက်သွယ်ပြီးသားများ ဖြစ်နေမလား မင်းသားလေးရေ။
💓
အလစ်တဲလေး နောက်ကျသွားတယ် 😘
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 5
Start from the beginning
