ဒီရက်ပိုင်းအတွင်း ခြံအလုပ်တွေကို ပစ်ထားမလို့မရတဲ့ ချန်းယောလ်အစား ဦးလေးဂျွန်ကသာကောင်လေးကို နေ့ခင်းပိုင်းစောင့်ရှောက်ပေးထားသည်။ ဆေးမှူးရဲ့စကားအရတော့ ဒီနေ့လောက် ကောင်းကောင်း သတိလည်လာနိုင်သည်ဟုပြောသွားသည်။

"ချန်းယောလ်ရေ ညစာစားရအောင်"

ဦးလေးဂျွန်က သူတို့အိမ်ဘက်ကနေ အစားသောက်များကို ယူလာပြီး ညစာစီစဉ်ပေးနေသည်မှာ နှစ်ရက်ရှိသွားပြီ။ ခြံကပြန်ရောက်တာနဲ့ ဒီကောင်လေးကိုပဲ ပြုစုနေရသောကြောင့် ချန်းယောလ်မှာ ညစာလည်း မချက်နိုင်တော့။ ညဘက်မိုးသည်းရင် လန့်တတ်တဲ့ကောင်လေးကြောင့် မိုးရွာနေလျှင် သူ့မှာကောင်းကောင်းပင်အိပ်မပျော်။ အိပ်ယာကို ကောင်လေးက အပိုင်သိမ်းထားသောကြောင့် အခန်းထဲက ခုံတန်းရှည်လေးမှာပဲ အိပ်တစ်ဝက်နိုးတစ်ဝက်နှင့် မိုးလင်းနေရတာဖြစ်သည်။

"ဦးလေးဂျွန်ရော စားပြီးပြီလား"

"မစားရသေးဘူးလေ မင်းလည်း တစ်ယောက်တည်း ငါလည်း တစ်ယောက်တည်းကို အတူတူစားကြတာပေါ့"

ဦးလေးဂျွန်ကို ခေါင်းငြိမ့်ပြပြီး ရေပတ်ဝတ်တိုက်ပြီးသား လက်သေးသေးလေးကို စောင်ထဲပြန်ထည့်ကာ ကုတင်ပေါ်ကနေ ထ ရပ်လိုက်သည်။ ရုတ်တရက် တင်းခနဲဖြစ်သွားသော လက်တစ်ဖက်ကြောင့် ငုံ့ကြည့်လိုက်တော့ သူ့လက်ကို ပြန်ဆွဲထားသည့်ကောင်လေး။ ဖြည်းဖြည်းချင်းလှုပ်ခတ်လာသည့် မျက်လုံးလေးတွေက အားယူဖွင့်ဖို့ ခက်ခဲနေသေးပုံပေါ်သည်။

"ဦးလေး သူသတိရလာပြီ"

"ဟေ့ သတိရပြီလား"

ဦးလေးဂျွန်ကို လှမ်းပြောပြီးတာနဲ့ ပါးလေးကို အသာပုတ်လိုက်တော့မှ မျက်လုံးကို သေချာဖွင့်ကြည့်သည်။

"သတိရပြီလား ကောင်လေး"

ဦးလေးဂျွန်ကို တစ်လှည့် ချန်းယောလ်ကို တစ်လှည့်ကြည့်နေသည့် မျက်လုံးလေးတွေက ဘာကိုမှ နားမလည်သေးသလို ကြောင်တောင်တောင်နှင့်ဖြစ်နေသည်။

"ရေနွေးလေး သောက်လိုက်နော်"

ခန္ဓာကိုယ်သေးသေးလေးကို ဆွဲထူကာ ကုတင်ခေါင်းရင်းမှာ မှီထားစေပြီး ရေနွေးနွေးကို ခွက်ထဲထည့်ကာပေးလိုက်သည်။  ရေသောက်ပြီးသွားတော့ ကောင်လေးက ချန်းယောလ်နဲ့ ဦးလေးဂျွန်ကို ပြူးကြောင်ကြောင်လေးကြည့်နေသေးသည်။

Red String of FATEWhere stories live. Discover now