အပင်အကျိုးများနှင့်ရှုပ်ပွကာ မိုးရေများ စိုနေသေးသော လမ်းပေါ် ကားကို ဖြေးဖြေးလေးမောင်းခဲ့ပြီးနောက် သူတို့ စိုက်ပျိုးခြံလေးဆီသို့ရောက်လာခဲ့သည်။ လေဒဏ်ကြောင့် ပျက်စီးနေသော အပင်အချို့နှင့် အမှိုက်တို့ကို လုပ်သားတွေနဲ့အတူ ရှင်းလင်းပြီးနောက် ညနေစောင်းထိ ခြံထဲမှာ မနေတော့ဘဲ အုပ်ချုပ်ရေးမှုး အိမ်သို့ထွက်လာခဲ့သည်။

မြို့ရဲ့ ဆေးပေးခန်းမရောက်မီနေရာတွင် အုပ်ချုပ်ရေးမှုး အိမ်ရှိသည်။ အိမ်ရှေ့မှာ ချန်းယောလ် ကားရပ်လိုက်တော့ အုပ်ချုပ်ရေးမှုးကလည်း မျှော်နေသည့်ပုံနှင့် အိမ်ထဲကနေ ထွက်လာသည်။

"ချန်းယောလ် ရောက်လာပြီလား"

"ဟုတ်ကဲ့ ကျွန်တော် အုပ်ချုပ်ရေးမှုးကို ပြောစရာလေးရှိနေလို့"

"ငါလည်း မင်းဆီလာဖို့ပဲ
ဒီနေ့ အလုပ်နည်းနည်းများနေတာနဲ့ မရောက်လာဖြစ်တာ"

"ကျွန်တော်တို့ စိုက်ခင်း ဘေးခြံကိစ္စလား"

"အင်း အဲ့ဒါကိုရောင်းဖို့လေ မရောင်းခင် စိုက်ပျိုးမြေဖြစ်အောင် သေချာပြုပြင်ချင်လို့"

"ကျွန်တော် အဲ့ဒါ ကူညီနိုင်ပါတယ်
ပြောစရာရှိတာကလေ...."

ရေစပ်မှာတွေ့ခဲ့တဲ့ကောင်လေးအကြောင်း အုပ်ချုပ်ရေးမှုးကို သေချာပြောပြပြီးနောက် အုပ်ချုပ်ရေးမှူးက မြို့ကြီးကရဲစခန်းမှာ သတင်းပေးရန် အကြံပေးသည်။ ချန်းယောလ်လည်း အစတကည်းကအဲ့ဒီလိုတွေးမိပေမဲ့ ပြဿနာက ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေပြီး မြို့ကြီးကိုသွားတဲ့လမ်းမှာ သစ်ပင်ကြီးတစ်ပင် ပိတ်ခံနေတာပဲဖြစ်သည်။

သတင်းပို့မယ်ဆိုရင်တောင် အနည်းဆုံး သုံးလေးရက်လောက်တော့ စောင့်ပေးရဦးမည်။ ထို့ကြောင့် သူ့အိမ်မှာပဲ ကောင်လေးကို ဆက်ထားရန် အုပ်ချုပ်ရေးမှူးက အကူအညီတောင်းသည်။ ချန်းယောလ်ကလည်း မိသားစုမရှိသူမို့ လူတစ်ယောက်ကို အိမ်မှာရက်ပိုင်းလောက်ပေးနေဖို့တော့ အခက်အခဲမရှိသောကြောင့် သူ့အိမ်မှာပဲဆက်ထားရန် သဘောတူခဲ့ပါသည်။

💓

"ဒီနေ့တော့ နိုးလာဖို့သင့်ပါပြီ"

တဖြည်းဖြည်း ပုံမှန်ကိုယ်အပူချိန်ကျသွားပြီး သွေးရောင်လွှမ်းလာသော မျက်နှာပေါ် ရေပတ်တိုက်ပေးရင်း ချန်းယောလ် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ဒီနေ့ဆို ကောင်လေး မေ့မြောနေတာ ၂ ရက်ကျော်လို့ ၃ ရက်မြောက်ကို ရောက်လို့လာပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးမကောင်းသေးသောကြောင့် ဆေးရုံကို သေချာပို့မပေးနိုင်သော်လည်း မြို့နယ်ဆေးမှူးက အိမ်အထိ လာကြည့်ပေးသွားလို့ တော်သေးသည်။

Red String of FATEWhere stories live. Discover now