ကမ်းခြေဘက်ကနေ ကုန်းမြင့်ဘက်ကို လမ်းလျှောက်တက်လာရင်း မျက်လုံးထဲ သဲမဝင်အောင် လက်နဲ့ သေချာ ကာရသေးသည်။

"အစ်ကို ဟိုမှာ..."

အိမ်ကို မြန်မြန်ပြန်ဖို့ အာရုံရောက်နေတုန်း ကမ်းခြေဘက် လက်ညှိုးထိုးပြနေသည့် မင်ချောကြောင့် သူပြနေသည့် ဘက်ကို လှမ်းကြည့်လိုက်သည်။ လေပြင်းတွေကြောင့် ကြည်ကြည်လင်လင်မရှိသော်လည်း သူမြင်နေရသည်က လူတစ်ယောက်ဆိုတာ သေချာအတပ်ပြောနိုင်သည်။

"လူ...လူထင်တယ်...သွားကြည့်ရအောင် မင်ချော"

လေတွေထန်နေသည့်ကြားက ကမ်းခြေကို ရောက်အောင်သွားပြီး မြောပါလာသည့် လူတစ်ယောက်ကို ကမ်းဘက်ပါအောင် ဆွဲတင်လိုက်သည်။ ရေကြောင့် တစ်ကိုယ်လုံး ပြာနှမ်းနေသလိုဖြစ်နေသည့် ခန္ဓာကိုယ်ကို ဆွဲပွေ့ကာ သွေးခုန်နှုန်းစမ်းကြည့်လိုက်တော့ အသက်ရှိနေသေးသည်။

"အသက်ရှင်နေသေးတယ် မင်ချော
ငါတို့ခေါ်သွားရအောင်"

သူပွေ့ယူလိုက်သော ခန္ဓာကိုယ်သေးသေးလေးက သူ့လက်ထဲမှာ ပျော့ဖတ်နုံးခွေစွာ ပါလာခဲ့သည်။ ကြာလာရင် အသက်ဆုံးရှုံးမှာစိုးရိမ်သောကြောင့် နဂိုသွားနေသည့် အရှိန်ထက် နှစ်ဆပိုတင်ကာ အိမ်ကို အမြန်ပြေးရတော့သည်။

ချန်းယောလ် အိမ်နားကိုရောက်တာနှင့် အပြင်ထွက်မျှော်နေသော ဦးလေးဂျွန်က ထီးတစ်ချောင်းနှင့် အပြေးရောက်လာသည်။

"ချန်းယောလ် နောက်ကျနေလို့ စိတ်ပူလိုက်ရတာ"

"ကျွန်‌တော်ဘာမှမဖြစ်ပါဘူး
ဒီမှာလူတစ်ယောက် ကမ်းခြေမှာရေနဲ့မြောပါလာတာတွေ့လို့ ကူညီပါဦး...
မင်ချောက အိမ်ပြန်တော့လေ မင်းမိသားစု မျှော်နေမယ်"

"ဟုတ်ကဲ့ ကူညီချင်ပေမဲ့ မိသားစုရှိနေလို့..."

"စိတ်မပူနဲ့ ပြန်တော့"

ဦးလေးဂျွန်က ချန်းယောလ်အိတ်ထဲက သော့ကိုယူကာ အိမ်တံခါးဖွင့်ပေးပြီးနောက် ချန်းယောလ်လက်ထဲကလူကို အိပ်ယာပေါ်တင်လိုက်သည်။ ဖြူပြာနေသည့် တစ်ကိုယ်လုံးကို အနွေးဓာတ်ရအောင် စောင်များနှင့် လွှမ်းခြုံထားပြီးမှ ရေသေချာသုတ်ပေးရသည်။ ရေသုတ်ပေးနေရင်းမှ ခေါင်းတွင်ရှိနေသော သွေးစအချို့ကို သတိထားမိသည်။

Red String of FATEDonde viven las historias. Descúbrelo ahora