Three(Unicode)

1.1K 110 9
                                    

သွန်း ဟိုတယ်ကိုရောက်တာနဲ့ အရင်ဆုံးမြင်ချင်မိသူမှာ ချစ်ရတဲ့ သူမပင်။သို့ပေမဲ့ သွန်းတွေ့ချင်သလို မတွေ့ရပါ။သူမအလုပ်ရှုပ်နေတာနေမှာပါဟုသာ သွန်းတွေးမိသည်။ဟိုတစ်နေ့ကလို ကိစ္စမျိုးဖြစ်မည်ကိုလည်း သွန်းစိုးရိမ်နေမိသေးသည်။အတော်ကြာသည်အထိ သွန်း သူမကိုမတွေ့ပေ။အခန်းထဲမှာစာရင်းစစ်နေသော်လည်း စိတ်ကတော့ သူမဆီမှာသာ။လွင့်နေတဲ့ စိတ်တွေက အခန်းအပြင်က တံခါးခေါက်သံကြောင့်ပင် ပျောက်ကွယ်သွားရသည်။ဝင်လာသူမှာ ချမ်းပင်။မျှော်နေတဲ့ အမျိုးသမီးတော့ ဖြစ်မနေခဲ့ပေ။

"မချမ်း ဘာကိစ္စရှိလို့လဲ"

"ဒီနေ့တော့ သွန်း အလုပ်များနေတော့မှာပဲ"

       သွန်းဘယ်လောက်ပဲအလုပ်များများသူမမျက်နှာလေး မြင်ရရင်ကို ပင်ပန်းသမျှပျောက်သည်ဆိုတာ ချမ်းမှမသိပဲ။

"ဘာလို့လဲ မချမ်း"

"ဒီနေ့ မမခက်မလာဘူးလေ"

      ဘာလို့မလာပါလိမ့်။ဒါကြောင့် သူမကို သွန်းမတွေ့တာကိုး။

"ဘာဖြစ်လို့လဲ"

"နေမကောင်းလို့တဲ့ အခုပဲ ဖုန်းဆက်လို့ သွန်းကိုလာပြောတာ"

       ချက်ချင်းပင် သွန်းစိတ်ပူမိသွားသည်။နေမကောင်းဘူးဆိုတော့ ဆရာဝန်ရောခေါ်မှခေါ်ရဲ့လား။သွန်းတွေးရင်းနဲ့ပင် ရင်မောရပြန်သည်။

"ဟုတ်လား"

"အင်း မမခက်တော့ ဘယ်လိုဖြစ်လဲမသိဘူး"

"သူ့လိပ်စာသိတယ်မလားမချမ်း"

"အင်း သိတယ်လေ"

"အဲ့ဒါဆို သွန်းကိုပြောပြပေး"

"အင်း ပြောပြမယ်"

       ချမ်းပြောသည့်လိပ်စာအတိုင်းသွန်းထွက်လာခဲ့သည်။ချစ်ရတဲ့အမျိုးသမီးနေမကောင်းတာကို သွန်းပြစ်မထားနိုင်ပါ။ပြစ်လည်းမထားရက်ပါ။လိပ်စာအရတော့ သူမအိမ်ကို သွန်းတွေ့ရပြီ။ဝါဖျော့ဖျော့ တစ်ထပ်တိုက်လေးပင်။ခြံထဲမှာလည်းပန်းပင်တွေကစုံလို့။သူမက ပန်းတွေရောစိုက်သည်လား။ခြံတံခါးမှခေါင်းလောင်းကို သွန်းတီးလိုက်ပြီးမကြာခင်မှာပင် သူမထွက်လာခဲ့သည်။အလုပ်မှာမို့ ယူနီဖောင်းနဲ့သာ အမြဲတွေ့နေရတဲ့ သူမက ယနေ့မှာတော့ ပန်းနုရောင် ဘလောက်စ်နဲ့ နက်ပြာရောင်လုံချည်ကိုဆင်မြန်းထားလေရဲ့။အမြဲထုံးဖွဲ့ထားတဲ့ဆံနွယ်တွေက ခပ်ဖွဖွစည်းထားသည်ကိုတွေ့ရသည်။လျှောက်လှမ်းလာသည့် ခြေလှမ်းတွေသည်လည်း အရင်နေ့တွေနဲ့မတူပဲ အားလျော့စွာပင်။တံခါးရှေ့ကိုရောက်လာမှ သေချာကြည့်မိတော့ ဖြူစွတ်စွတ်မျက်နှာလေးက အနည်းငယ်ရဲလို့နေသည်။နှုတ်ခမ်းတွေကလည်းဖျော့တော့တော့နဲ့။မျက်ဝန်းတွေကလည်း အရင်နေ့တွေလောက် တောက်ပမနေပေမဲ့ သွန်းကိုတော့ ဆွဲဆောင်လို့နေသည်။သွန်းကိုကြည့်လာတဲ့ သူမမျက်ဝန်းတွေက အံ့သြမှုတွေနဲ့။

"ခ်စ္မိခဲ့ေသာ"(Short Story)Where stories live. Discover now